Showing posts with label အချစ်ကဗျာ. Show all posts
Showing posts with label အချစ်ကဗျာ. Show all posts

Thursday, September 23, 2010

ဧည့်သည် (၂)

‘ဆုံစည်းမှု’ ပန်းခင်းတိုင်းရဲ့အောက်မှာ
‘ကွဲကွာမှု’ ချောက်တခု ရှိမှန်းသိလျက်နဲ့
ငါ့ခြေဦးတွေကို အဲဒီ့ဆီ တည့်တည့်
ပြတ်ပြတ်သားသား ဆွဲလှည့်ခဲ့ဖူးတယ်။

Romantic သံပတ် တင်းအားနဲ့
ဟိုး သက်တန့်နားထိ ရောက်အောင်ပျံခဲ့တယ်။
မြင့်လေလေ အကျနာလေလေမှန်း သိလျက်နဲ့။

ခုတော့ ငါ့မျက်နှာဟာ
အချိန်ခန့်မှန်းလို့ ရနိုင်တဲ့နာရီတလုံးပေါ့
တဖြည်းဖြည်းချင်းညှိုး
သြော်…ခွဲခွာခြင်းနာရီ ထိုးတော့မယ်။

ငါ့ဘဝ အခန်းဆက်ဇာတ်လမ်းတွဲမှာ
အပိုင်းတိုင်းဟာ happy ending နဲ့ လွဲခဲ့
ဇာတ်လမ်းအလယ်မှာတင် အကြိမ်ကြိမ်ဇာတ်သိမ်း
“Goal” ဆိုတဲ့ အသံဟာ ငါနဲ့တော်တော်စိမ်းတယ်။

အလွမ်းနှစ်ပေါင်းများစွာ ကွာဝေး
အချိန်ဇယားနဲ့ ငေးရတဲ့ လမင်းလေးပါလား။
အိပ်မက်တွေ တဘဝစာချုံ့ထည့်ထားတဲ့ ရက်စွဲ
ပြက္ခဒိန်ပေါ်က ကျကွဲသွားပြီ။

လျှပ်နှစ်စင်း အငြိ
အပ်နှစ်စင်းလည်း အထိမှာ
ဒုလ္လဘလေးတခုကို တဲတဲလေး ဖမ်းမိခဲ့လည်း…

ခဏဆုံဆည်းခွင့်ဆိုတာ
နေသားကျပြီးထုံနေတဲ့ အထီးကျန်ခြင်းအနာပေါ်ကို
တုတ်လေးတချောင်း ပြုတ်ကျလာခြင်းပါပဲ။

မှောင်မည်းအေးစက်နေတဲ့ မုတ်သုံမှာ
လူတယောက် သူ့စိတ်နဲ့သူ မီးလှုံနေတုန်း
ကောင်းကင်တခွင်မှာ
ညကိုမှောင်နေမှန်း သိသာစေရုံသက်သက်
လျှပ်စီးလေးတချက် မစို့မပို့ လက်လိုက်တော့…
ညဟာ နဂိုကထက်တောင် ပိုမှောင်သွားသလိုလို….

သြော်..
ငါ့ဝိညာဉ်တခြမ်းကို
လေယာဉ်ပျံတစင်းက ပြန်ပေးဆွဲသွားပြီ။
ကောင်းကင်ကို

ဧည့်သည် (၁) ကတော့ ဒီမှာ ပါ။

Monday, August 30, 2010

တွေ့ရှိမှုမှုများ

နားခိုရာကိုရှာတယ်
လမ်းတွေပဲတွေ့တယ်။

အရိပ်ကိုရှာတယ်
အမှောင်ကိုပဲတွေ့တယ်။

အချစ်ကိုရှာတယ်
ကိုယ့်ကိုယ်ကိုပဲတွေ့တယ်။
(ကောင်းကင်ကို)

Monday, August 2, 2010

ချစ်တယ်

ချစ်တယ်
နင့်ကိုချစ်မိမှ
ငါနဲ့ငါ တော်တော် ဈေးကွာသွားတယ်။

ချစ်တယ်
ကမ္ဘာ့အတော်ဆုံး မျက်လှည့်ဆရာဟာ ငါပဲ။
ငါပြနေတဲ့ မျက်လှည့်ကို
ငါကိုယ်တိုင်တောင် အံ့သြရတယ်။

ချစ်တယ်
ဒီစကားလေးမပြောခင်မှာ
ငါတယောက်တည်း နှစ်ကိုယ်ခွဲ
သူများဦးသွားမှာ ကြောက်တဲ့ကောင်ရယ်
စိတ်ဆိုးသွားမှာ ကြောက်တဲ့ကောင်ရယ်
တကောင်နဲ့ တကောင်
ရန်စောင်လိုက်ကြသေးတယ်။

ချစ်တယ်
အချစ်မှာ
မိုးကြိုးက လျှပ်စီးထက် အရင်လာတယ်။
ငါ့ပန်းပွင့်စကား မိုးကြိုးသွားကို ကြားအပြီးမှာ
သူ့မျက်နှာမှာ ရှက်သွေးတွေစို
အနီရောင် လျှပ်စီးချိုချိုကို ငါငေးလိုက်ရတယ်။

ညီမလေးရယ်
ချစ်တယ်ဆိုတဲ့ စကားကြောင့်
နင့်မျက်နှာ ဘယ်မှာထားရမှန်းမသိရင်
ငါ…မျက်လုံးတွေကိုမှိတ်
အာရုံထဲမှာ ကင်းဗတ်စ တခု ချိတ်လိုက်ပါ့မယ်
နင့်မျက်နှာလေး လာထားဖို့။
ကောင်းကင်ကို

Wednesday, July 28, 2010

မေတ္တာဆိုတာ စူးတတ်တယ်

ကျောက်တုံးထဲကနေတောင်
သွေးတွေပန်းထွက်လာအောင်
နင်မန်းမှုတ်နိုင်မှန်းလည်း သိပါတယ်။

နင့်နှုတ်ခမ်းက ကြွေကျလာမယ့်
မကုန်မခန်းနိုင်တဲ့ ပန်းတွေဟာ
သံမဏိရင်တွေ ချိုင့်ဝင်သွားသည်အထိ
တန်ခိုးရှိမှန်းလည်း သိပါတယ်။

တချောင်းထဲသော စိတ်နဲ့
ပြေးနေတဲ့ ခြေထောက်နှစ်ချောင်းတွေ
နင့်ကြောင့် မရှုမလှ ချော်လဲတိုင်း
နင့်အတိတ်နဲ့ နင် ခြေရာတိုင်းနိုင်တုန်းမို့
နင်ကျေနပ်နေမှန်းလည်း သိပါတယ်။

အကောင့်များစွာဖွင့်ပြီး
၁၅၀၀ လွှင့်နေတဲ့ ကောင်မလေးရေ၊

သိလျက်နဲ့ မိုက်နေသူက
နင်မသိပဲ မိုက်မိမှာစိုးလို့
တခုတော့ သတိပေးမယ်။
ကျေးဇူးပြုပြီး နင်းမသွားပါနဲ့။
ငါ့နှလုံးသားက ကွဲလွယ်အက်လွယ်
နင့်ခြေဖဝါးတွေ ရှလိမ့်မယ်။
ကောင်းကင်ကို

Tuesday, June 29, 2010

အကြွင်း

လက်ယပ်ခေါ်နေတဲ့ အိပ်မက်လေးကိုတည်
ဘဝနဲ့ ရင်းပြီး စားကြည့်လိုက်တာ
ရလဒ်က သုညနဲ့ 
အမာရွတ်တွေ ကြွင်းခဲ့တယ်။
ကောင်းကင်ကို

Saturday, May 29, 2010

ဥယျာဉ်

လောကကြီးကလည်း
ငှားဝတ်ထားတဲ့ အလင်းရောင် တွေကိုချွတ်
သူ့ကိုယ်သူ ညအမှောင်ထဲ လွှတ်လိုက်ပြီ

မင်းနဲ့ငါနဲ့လည်း
မလိုအပ်တော့တဲ့ ယဉ်ကျေးမှု တွေကိုချွတ်
ငှက်ကလေးတကောင်စီ သဘာဝထဲကို လွှတ်ရအောင်။

အချစ်တွေကို ဖယောင်းတိုင်လို မီးညှိ
အမှောင်ထုကို အလင်းဖျော့ဖျော့ ရောပြီး မြည်းကြည့်တယ်။
ခြုံတွေကြားမှာ ပန်းတပွင့် စမ်းမိသလို
ကန္တာရမဆန်တဲ့ ဘဝပတ်လမ်းတခုကို တွေ့ ခဲ့ပြီ။

အိမ်ထောင်ရေးဆိုတာ
‘အိမ်’ ဆိုတဲ့ ‘ထောင်’ လေးတဲ့။
မင်းနဲ့ သာဆိုရင် ငါ့အတွက်ကတော့
ပန်းကြိုက်လိပ်ပြာ တကောင်ကို
ဥယျာဉ်ကြီးထဲ လှောင်ထားသလိုပဲဖြစ်မှာ။
ကောင်းကင်ကို

Friday, April 30, 2010

ခွင့်မပြု

စိတ်ကမှ မခိုင်
အရိပ်က အစ မနိုင်လို့ ပါ။
ငါ့ကောင်းကင် အတွင်းမှာ
"ညတချောင်းငင်" ခြင်း ခွင့်မပြု။
ကောင်းကင်ကို

Wednesday, March 24, 2010

ကတ္တီပါ စွမ်းအင်

မင်းမရှိလို့ တော့ မဖြစ်ပါဘူးကွယ်။
လှော်တက်တွေ နွမ်းဖတ်ခွေဖျော့
ငါ့ကဗျာမှာ ပန်းဓာတ်တွေလျော့ ကုန်မယ်။

မင်း မျက်နှာရိပ်ကို အကြိမ်ကြိမ်ဖတ်
အညွှန်းမြေပုံလို့ သတ်မှတ်ထားပါတယ်။
မုန်တိုင်းငယ်လေးကို အကြောင်းပြ
မင်း…လေထီးခုန်ချသွားရင်
ငါဟာ မောင်းသူမဲ့ ယာဉ်ပျံရထား
ဘယ်ကို သွားရမှာလဲ။

ကိုယ့်ရင်ခုန်သံနဲ့ ကိုယ်ပြန်ကနေတဲ့ ဘဝ တပုဒ်ကို
ရက်စက်ခြင်းနဲ့ ကြိုးမတုပ်လိုက်ပါနဲ့ ။

ငါအားတိုင်း ဖွဲ့ ဆိုနေတဲ့
ဘဝအကြို Intro တေးနု
မူပိုင်ခွင့် နှစ်ခုနဲ့ 
အပြီးသတ်ခွင့်ပြုပါ။
ကောင်းကင်ကို

Thursday, March 18, 2010

ရမှတ်

ကင်းထောက်တွေ မရှိလောက်ဘူးအထင်နဲ့ 
ကိုယ့်မျက်ဝန်း ပြတင်းပေါက်ကနေ
သောကတွေ တစက်ပြီး တစက် ဖောက်ချလိုက်တာ
ကိုယ့်စိတ်က မြင်သွားတယ်။

ပဒေသရာဇ်အမိန့် ဆန်တဲ့ သူ့ စီရင်ချက်တွေအောက်မှာ
မိဘမဲ့သွားတဲ့ အလိုဆန္ဒများ
မလာတော့မယ့် ရထားကို စောင့်နေကြဆဲ။

ညက မက်တဲ့ အိမ်မက်ဆိုးအကြောင်းလား?
အချစ်ဆိုတဲ့ စာမေးပွဲမှာ
တလုံးလေးမှားလိုက်တာနဲ့ 
သုညပဲ ရခဲ့တယ်။
ကောင်းကင်ကို

Saturday, March 13, 2010

မဖွဲ့ တတ်တဲ့ ကဗျာ

ရင်ခွင်အနှံ့ တိတ်တိတ်လေး တပ်ဖြန့်ပြီးခို
ခံစားချက်ချိုချိုတွေကို ကိုယ်စားပြုဖို့ 
ကဗျာ blog တွေကိုသွား
အက္ခရာတွေကို လိုက်ငှားကြည့်တော့လည်း
အားလုံးက ပေါ့နေ
စိတ်ကြိုက် တပိုဒ်တလေတောင် မတွေ့ ဘူး။
ငါပြောချင်နေတဲ့ စကားနဲ့ 
ကဗျာတွေပြောနိုင်တဲ့စကားက
ပန်းနဲ့ ကျောက်သားတွေလို ကွာနေတယ်။

ဒီလိုနဲ့ စိတ်ကိုပြောင်း
သီချင်းကောင်းလေးတွေရှိတတ်တဲ့ website ကို
နှလုံးသားဦး လှည့်လိုက်တယ်။
တကယ့် အရေးအကြောင်းကျတော့
အဲဒီ့သီချင်းတွေလည်း
ငါ့နက်နဲ တဲ့အချစ်ကို အသံလွှင့်ဖို့ 
ကြယ်တပွင့်အဆင့်တောင် မစွမ်းဆောင်နိုင်ဘူး။

ရုပ်ပုံတပုံမှာ
စကားလုံးပေါင်းများစွာပါသတဲ့။
အရောင်နဲ့ ရေးထားတဲ့ ကဗျာတွေဆီကိုသွားတယ်။
ဒါပေမယ့်….
အဲဒီ့ သက်တန့် ဆေးစက်တွေကလည်း
သူ့ ကို အရမ်းချစ်တဲ့ ငါ့သွေးစက်တွေအကြောင်း
ပေါ်လွင်အောင် စာလုံးမပေါင်းနိုင်ဘူး။

ခက်တယ်! ဘယ်လိုပြောပြ ရပါ့မလဲ။
ငါ့မျက်လုံးတွေက
ငါ့ဦးနှောက် ဘယ်၊ညာ နှစ်ခြမ်းလုံးကို
အဲဒီ့ သက်ရှိကဗျာလေး ဖတ်ပြလိုက်တိုင်း
ငါ့ရင်ခွင် ဘယ်ဘက်ခန်းထဲက
ပုံမှန် ခုန်နေကျ နာရီတလုံး
အမြန်နှုန်း အရမ်းမြင့်သွားတတ်တယ်ဆိုတာ။
ကောင်းကင်ကို

Tuesday, March 9, 2010

ကိုယ့်အဖြစ်

အချစ်ဆိုတာက
အသက်တိုလွန်းတဲ့ ဖယောင်းတိုင်။

အလွမ်းဆိုတာကတော့
စကားလုံးတွေရတဲ့ အရောင်းဆိုင်။
ကောင်းကင်ကို

Wednesday, March 3, 2010

အမှတ်မထင်

powerpoint နဲ့ လုပ်ထားတဲ့ဟာလေးကို powerpoint တင်တာ မရလို့  pdf ပြောင်းပြီး တင်လိုက်တာပါ။ pdf ပြောင်းတော့ စာတွေ နည်းနည်း ဝါးသွားတယ်။ ပုံတွေက google ကနေ ရှာထားတာပါ။ ကဗျာဟောင်းလေးကို လုပ်ထားတာပါ။
File1 Final)

Thursday, February 25, 2010

စီ

အက္ခရာ ၂၆လုံးထဲက C ဆိုတဲ့တလုံး
အမုန်းနဲ့ ဖြုတ်ပစ်လိုက်ချင်တယ်။

C ကို cupid ဖြစ်မယ်ထင်ခဲ့တာ
C က curse တဲ့။

C…အိပ်မက်ဆိုးတွေ တန်းစီနေတယ်။
C…ဘယ်အချိန်မှန်းမသိ ထပေါက်ကွဲနိုင်တဲ့ ဗုံးတလုံး
C…စိတ်နဲ့ ကိုယ်နဲ့ ကြားမှာ ခပ်စိမ်းစိမ်းဖြစ်ရပြီတဲ့။
C…အပျော်မျက်နှာတွေကို ထိုးနှက်လိုက်တဲ့ လက်သီးတလုံး

ရောဂါကူးစက်မှုဟာ
ဖယောင်းတိုင်မီး ကူးသလိုမျိုးမဟုတ်ပဲ
လက်ဆင့်ကမ်း ရွှေ့ ပြောင်းယူလို့ ရကြေးဆိုရင်
ငါ့အသည်းက
ပိုးမွှားတွေကို မွေးမြူပေးဖို့ အသင့်။

ချစ်သူရေ
ဘာမှမကျိန်းသေတဲ့လောကကြီးထဲမှာ
မှန်းထားတဲ့အိပ်မက်ရက်တွေ မရောက်မီ
ငါကြွေပြီး မင်းနေကောင်းသွားခဲ့ရင်
သံယောဇဉ် တနွယ်ထပ်ပျိုး
ပိုလုံခြုံမယ့် ထီးကိုမိုးလိုက်ပါ။

မင်းကြွေသွားရင်တော့
ငါ့ကလောင်မှာ နှလုံးသွေးတွေဆိုး
မင်းရဲ့ အရိုးနဲ့ ငါလက်မှတ်ထိုးမယ်။
ကောင်းကင်ကို

Happy Birthday, my dear

Wednesday, February 24, 2010

ဧည့်သည်

ပျော်ရွှင်ကြည်နူးနေပြီဆို
အချိန်တွေက အပြေးသန်တယ်။

ဒီလိုနဲ့ 
ရွှေရောင်နေ့ရက်တို့  ခဏတာ နောက်
တစ္ဆေတကောင်ပြေးတက် တံခါးလာခေါက်တယ်။

နှစ်ထပ်မှာ arrivals
လေးထပ်မှာ depatures တဲ့။
ဒီလေဆိပ်မှာ
နတ်ပြည်နဲ့ ငရဲက
နှစ်ထပ်ပဲခြားတယ်။

ဝေးရတော့မယ်….
မှေးစက်ချင်တဲ့ ပုခုံးလေးတွေ၊
ဆေးဘက်ဝင်တဲ့ အပြုံးလေးတွေနဲ့ ဝေးရတော့မယ်။

ငါလွှတ်ပေးလိုက်ရမယ့် လက်ကလေးတွေထဲမှာ
ကမ္ဘာတခုလုံးပါသွားတော့မှာပါလား။

အချိုဆုံးကို စားပြီးစ အခါမှာ
အားလုံးဟာ ခါးသွားသတဲ့။

လွမ်းဆွတ်ခြင်းဓားစက် လက်ချက်နဲ့ 
ရုပ်နဲ့ နာမ် အိုးစားကွဲသွားရတဲ့အခါ....

စိတ်က သူနဲ့ တကွဲစီလိုက်သွားပြီး
ခန္ဓာကိုယ်က လေဆိပ်ကနေ ပြန်လာရတဲ့အခါ
နေသားကျခဲ့ဖူးတဲ့ ကန္တာရတခုဟာ
နဂိုထက်ပိုခြောက်ခန်းသွားတော့တယ်။
ကောင်းကင်ကို

Wednesday, February 17, 2010

အလဟဿ

အထူးဖြောင့်နေခဲ့တဲ့လမ်းမှာ
ကိုယ့် အခူးစောင့်နေခဲ့တဲ့ ပန်းကို
အိပ်မက်တခုပြီးမှ
တရေးနိုးအနမ်းနဲ့ 
သွေးတိုးအစမ်း….

ဝင်လာတဲ့အဖြစ်ဆန်းနဲ့ 
ရင်မှာမှည့်အချစ်ပန်းတို့ ကြုံခိုက်
ဝဲလာတဲ့ အခွင့်အလမ်းကို နှလုံးသားနဲ့ ခုန်အတိုက်မှာ
မြားနတ်မောင် ဒိုင်လူကြီးက
အပြစ်လွန်တဲ့သဘောနဲ့ 
အချစ်ကျွံဘောအဖြစ် သတ်မှတ်လိုက်တယ်။
ကောင်းကင်ကို

Friday, January 8, 2010

ဆူး

ကျိတ်ငေးနေရတာ ရိုးအီလာလို့ ...

စိတ်ကလေးကို ကြိုးဖြည်
အရိပ်ကလေးကို ပိုးမည် အလုပ်
ပါးစပ်တွေက ရှုပ်လိုက်တာ။
ကောင်းကင်ကို

Wednesday, November 11, 2009

ကဗျာလေးထဲမှာ ဆက်အိပ်ပါရစေ

သဲသောင်ပြင်ပေါ်မှာ
ကိုယ့်နာမည် အတိုကောက်လေး။
နာမည်ရဲ့ နောက်မှာတော့
ကောင်မလေး တယောက်
လက်နှစ်ဘက်ကို မြှောက်ပြီး အသည်းပုံဆက်
သူ့ မျက်နှာကလည်း ချစ်ခြင်းမေတ္တာတွေ ဖြာထွက်လို့ ။

သြော်..
ရင်ခုန်သံကလွဲလို့ …လောကကြီးတခုလုံး အသံတိတ်
အရေပြားပေါ်ကို ကြက်သီးလေးတွေ လျှံဖိတ်
ကိုယ့်ဇာတ်ဝင်ခန်း အထွတ်အထိပ်လေးကို
လက်တွေ့ ဘဝဆိုတဲ့ လက်သည်းနဲ့ ဆိတ်မကြည့်ချင်ဘူး
တကယ်ဖြစ်နေတဲ့ အိပ်မက်ကလေးကျိုး
အချိန်မတန်ခင် နိုးမှာစိုးလို့ ။
ကောင်းကင်ကို

Friday, November 6, 2009

စန္ဒာမရှိတော့တဲ့ ကောင်းကင်

အကြောင်းမမြင်ရတဲ့ ကံကြမ္မာက ကွက်ကျားမွှေတယ်။
ကောင်းကင်အပါးမှ စန္ဒာက ထွက်သွားလေတယ်။
မောင်းဝင်လာတဲ့ ဒဏ်ရာရထား ဆက်သွားနေဆဲ။
ပြောင်းချင်လှလည်း အဖန်တရာမက ဆက်မှားနေဆဲ။

စိတ်ဓာတ်ကျခြင်းဆိုတဲ့ သတ္တဝါက အသက်တအားရှည်တယ်။
ပြဿနာ မျိုးဆက်သစ်တွေကိုလည်း ဆက်ပွါးနေတယ်။
ငါနဲ့ ငါ ထပ်တူမကျတော့တဲ့ ရက်အမှားတွေထဲ
မသိစိတ်နဲ့ ပဲ စက်ရုပ်ဆန်ဆန် ဆက်သွားနေခဲ့။

ငါ့ရင်ထဲမှာ စိတ္တဇတစ္ဆေတွေ ကျက်စားနေတယ်။
မြင်မြင်သမျှမှာ တခြားအရောင်တွေထက် အနက်များနေတယ်။
ကြောင်နေတဲ့နားကလည်း အပြစ်တင်သံတွေပဲ ဆက်ကြားနေခဲ့
အိပ်မက်ထဲအထိ နှိပ်စက်နေတာလည်း သူတို့ မျက်နှာနဲ့ ပါးကွက်သားတွေပဲ။

ရှင်သန်လိုစိတ်ဆိုတဲ့ ကိုယ်စောင့်နတ်ကတောင် ငါ့ကိုစွန့် ခွာ ထွက်သွားလေတယ်။
နှလုံးသားနဲ့ ငါရွှေ့ မိသမျှ ကောင်းရှုံးဖြစ်မယ့် အကွက်မှားတွေပဲ
ငါမထိန်းချုပ်နိုင်တဲ့ ငါတွေဟာ ငါ့ရန်သူရဲ့ ဘက်သားတွေပဲ
ရှုံးနိမ့်ခြင်းဟာ အောင်နိုင်သူအဖြစ် ငါ့အပြုအမူတွေကိုဝင်ပူးပြီး ထွက်ကြွားနေဆဲ။
ကောင်းကင်ကို

Monday, October 12, 2009

စာပို့ ခိုသို့ 

သုညတွေ တစ်တွေနဲ့ 
သိမ်းထားတဲ့သီချင်းတပုဒ်
ချစ်သူ့ ရင်ကို ကိုင်လှုပ်ဖို့ ပေါ့။

ဒီဘက်မှာလည်း စိတ်စောနေတဲ့ ဒီဂျေတယောက်
အီလက်ထရောနစ် ဘောက်ချာကို စောင့်နေတယ်။
ဟိုဘက်မှာလည်း စိတ်မရှည်တော့တဲ့ပန်း
သူ့ စိတ်မနောပါးစပ်နဲ့  ကြမ်းနေမယ်။

ပုဂံနက် ဆိုတဲ့ စာပို့ ခိုရေ
ငါတို့ ကို သနားပါဦး
သီးသန့် ကမ္ဘာသားကို လာချစ်မိရှာသူတယောက်
သူ့ စိုသောနှလုံးသားများ မခြောက်သေးခင်။
ကောင်းကင်ကို

Sunday, September 27, 2009

ကိုယ့်နည်းကိုယ်ဟန်နဲ့ အိုမာခယမ်

လူတွေကို ဆရာလုပ်ဖို့ 
အမြုတေ ကဗျာတပုဒ်လည်းရှိမယ်။

အဖော်လို ကြင်နာမဆုံးတဲ့
ဟော်လိုဂစ်တာ တလုံးလည်းရှိမယ်။

လှမ်းကာ အပြင်ကမ္ဘာနဲ့ ဆက်ဖို့ 
အခန်းမှာ အင်တာနက်လည်းရှိမယ်။

ညတာကို ကျော်လွန်ကာဖြတ်သန်းဖို့ 
ငါ့မှာ…အဖော်မွန်စာဖတ်ခန်း လည်းရှိမယ်။

ခွက်ဘေးမှာနေတဲ့ အမြည်းနဲ့ 
လက်ဆေးကာနေတဲ့ ဇနီးကတော့
ကိုယ်စိတ်နှစ်ပါးအတွက် အာဟာရပေါ့။

အချစ်တွေဆာလောင်လာတဲ့အခါ
မြန်နှုန်းမြင့်ရင်ခုန်သံကို နောက်ခံဂီတအဖြစ်ဖွင့်ပြီး
ကာယကံ၊ ဝစီကံ မနောကံနဲ့ ယုယကြမယ်။

လူတွေမရှိခိုက်မို့ ဟန်ဆောင်နေဖို့ လည်းမလို
အပူတွေမရှိခိုက်မို့  ရန်ထောင်နေဖို့ လည်းမလို
ပေလေးဆယ် ခြောက်ဆယ်နဲ့ 
ကျားတယောက်နဲ့  မတယောက်ပဲရှိတဲ့
ငါ့ စံပြကမ္ဘာငယ်လေးမှာ
ဓမ္မသယံဇာတလည်း ကြွယ်ချင်သေးတယ်။
ကောင်းကင်ကို