‘ဆုံစည်းမှု’ ပန်းခင်းတိုင်းရဲ့အောက်မှာ
‘ကွဲကွာမှု’ ချောက်တခု ရှိမှန်းသိလျက်နဲ့
ငါ့ခြေဦးတွေကို အဲဒီ့ဆီ တည့်တည့်
ပြတ်ပြတ်သားသား ဆွဲလှည့်ခဲ့ဖူးတယ်။
Romantic သံပတ် တင်းအားနဲ့
ဟိုး သက်တန့်နားထိ ရောက်အောင်ပျံခဲ့တယ်။
မြင့်လေလေ အကျနာလေလေမှန်း သိလျက်နဲ့။
ခုတော့ ငါ့မျက်နှာဟာ
အချိန်ခန့်မှန်းလို့ ရနိုင်တဲ့နာရီတလုံးပေါ့
တဖြည်းဖြည်းချင်းညှိုး
သြော်…ခွဲခွာခြင်းနာရီ ထိုးတော့မယ်။
ငါ့ဘဝ အခန်းဆက်ဇာတ်လမ်းတွဲမှာ
အပိုင်းတိုင်းဟာ happy ending နဲ့ လွဲခဲ့
ဇာတ်လမ်းအလယ်မှာတင် အကြိမ်ကြိမ်ဇာတ်သိမ်း
“Goal” ဆိုတဲ့ အသံဟာ ငါနဲ့တော်တော်စိမ်းတယ်။
အလွမ်းနှစ်ပေါင်းများစွာ ကွာဝေး
အချိန်ဇယားနဲ့ ငေးရတဲ့ လမင်းလေးပါလား။
အိပ်မက်တွေ တဘဝစာချုံ့ထည့်ထားတဲ့ ရက်စွဲ
ပြက္ခဒိန်ပေါ်က ကျကွဲသွားပြီ။
လျှပ်နှစ်စင်း အငြိ
အပ်နှစ်စင်းလည်း အထိမှာ
ဒုလ္လဘလေးတခုကို တဲတဲလေး ဖမ်းမိခဲ့လည်း…
ခဏဆုံဆည်းခွင့်ဆိုတာ
နေသားကျပြီးထုံနေတဲ့ အထီးကျန်ခြင်းအနာပေါ်ကို
တုတ်လေးတချောင်း ပြုတ်ကျလာခြင်းပါပဲ။
မှောင်မည်းအေးစက်နေတဲ့ မုတ်သုံမှာ
လူတယောက် သူ့စိတ်နဲ့သူ မီးလှုံနေတုန်း
ကောင်းကင်တခွင်မှာ
ညကိုမှောင်နေမှန်း သိသာစေရုံသက်သက်
လျှပ်စီးလေးတချက် မစို့မပို့ လက်လိုက်တော့…
ညဟာ နဂိုကထက်တောင် ပိုမှောင်သွားသလိုလို….
သြော်..
ငါ့ဝိညာဉ်တခြမ်းကို
လေယာဉ်ပျံတစင်းက ပြန်ပေးဆွဲသွားပြီ။
ကောင်းကင်ကို
ဧည့်သည် (၁) ကတော့ ဒီမှာ ပါ။
ရတု @ 2011
10 years ago
ကိုကင်း အဲလိုတစ်ကယ်ခံစားခဲ့တယ်ပေါ့. အဲလိုလေးလည်းကဗျာ ဖြစ်တယ်နော်...
ReplyDeleteကျန်နေတဲ့ဝိဥာဉ်တခြမ်းကရော ဘယ်ရောက်သွားပြီလဲ
ReplyDelete