Showing posts with label သရော်စာများ. Show all posts
Showing posts with label သရော်စာများ. Show all posts

Friday, February 22, 2008

God ခဏဖြစ်သွားခိုက်(သရော်စာ)


Customer is God တဲ့။ အခု ကျွန်တော် မြန်မာပြည်ရဲ့ Cyber Cafe တစ်ခုထဲမှာ အင်တာနက် သုံးနေတယ်။Google က အလကား ပေးထားတဲ့ service တစ်ခုကို သုံးနေတယ်။ ဒါဆို အခု ကျွန်တော် Cyber Café လေးရဲ့ GodGoogle ရဲ့ God အံမယ်God မှ နှစ်ထပ်ကွမ်း God တောင် ဖြစ်လို့ပါလား။ တယ်ဟုတ်တဲ့ ငါပါလား။

အခု ဟောဒီ့ God လက်ဆယ်ချောင်းနဲ့ အံသြဖွယ်ရာ ပဉ္စလက် ကို ဖန်တီးနေတယ်။ စင်ကာပူက သူငယ်ချင်း တွေကို မြန်မာပြည်ထဲကနေ Gtalk ကနေ လှမ်း စကားပြောနေတယ်။ email တွေလှမ်းပို့နေတယ်။Google က အလကားပေးထားတဲ့ အတောင်ပံနဲ့ ကမ္ဘာတစ်ပတ်ပျံနေတယ်။ slow motion နဲ့ ပျံနေတယ်။ (မြန်မာပြည်မှာ အင်တာနက်သုံးရတာသိပ်နှေးတာကိုး။) ဘာပဲဖြစ်ဖြစ်လေ၊ God ကျေနပ်ပါတယ်။

ကမ္ဘာပြားပြီဆိုတာ တကယ် မှန်တာပဲ။ ဒီ အင်တာနက်ခေတ်ကြီးထဲမှာ ဘယ် မှာနေနေ အခွင့်အရေးက အတူတူပဲ။ တစ်ယောက် နဲ့တစ်ယောက် ဆက်သွယ်ဖို့ လွယ်လွယ်လေး ဆိုတာကို ကိုယ်တွေ့ကြုံလို့ ယုံသွားပြီ။ အရာရာကို ဖန်တီးနိုင်တယ်ဆိုတဲ့ ကျေနပ်မှု အရသာကို ပျော်ပျော်ကြီးခံစားနေရပြီ။ ဒီလိုနဲ့ ပျော်ပျော်ကြီး ကမ္ဘာတစ်ပတ်ပတ်နေတုန်းမှာပဲမီးက ရုတ်တရက်ပျက်သွားတယ်။ UPS ကမနိုင်ဘူးဗျာ။ ကွန်ပျူတာပိတ်သွားတော့တာပေါ့။ မီးကလဲ၊ ပျက်မှာဖြင့် ပြတ်ပြတ်သားသားပျက်ရောပေါ့။ ခုတော့မဟုတ်ဘူး။ God ဆိုင်ထဲက မထွက်ခင် မှာပဲ မီးကပြန်လာတယ်။ ဒါနဲ့ ပဲ God ကွန်ပျူတာ ပြန်ဖွင့်ပြီးGod ရဲ account ထဲပြန်ဝင်ရောဆိုပါတော့။ ခုနစ်မိနစ်လောက်ကြာတယ်။ ဒီလိုနဲ့  Gtalk ပြန်တက်ရုံပဲ ရှိသေးတယ်။ သောက်မီး ကထပ်ပျက်ပြန်ရော။ တောက်…EPC ကလူတွေကလဲ ဆော့စရာတော်တော်ရှားတယ်ထင်တယ်။ ဒီလောက်တောင်ဆော့ချင်နေလဲ…တောက်... ပြောလိုက်ရရင်မကောင်းဘူး။ UPS ကမနိုင်တော့ Computer က ထပ်ပိတ်သွားတော့တာပေါ့။ God တော်တော် စိတ်တိုသွားတယ်။ ကျေနပ်တဲ့ အရသာတွေ ဘယ်ပျောက်သွားမှန်း မသိဘူး။ စိတ်တိုတိုနဲ့ပဲ ကွန်ပျူတာဆီကနေ ခွာလိုက်တယ်။ ကမ္ဘာကလဲ နာရီဝက်လောက်ပဲ ပြားနိုင်တော့ တယ်။စင်္ကာပူကကောင်တွေ၊ မင်းတို့ဘာသာ မင်းတို့ ဆက်ပြားကြတော့၊ ငါကတော့ ပြန် လုံးပြီ လို့ စိတ်ထဲကနေ ပြောလိုက်တယ်။ ပိုက်ဆံရှင်းတော့ ဆိုင်က အဲဒီလို ဖြစ်တာ သိသိကြီးနဲ့ နာရီဝက်စာ အပြည့် ယူတယ်။Google ကို ပိုက်ဆံမပေးခဲ့ရတဲ့God ခုတော့ ဘာမှသိပ်မလုပ်လိုက်ရပဲ Cyber Cafe ကို နာရီဝက်စာ အင်တာနက်သုံးခ အောင့်သက် သက်နဲ့ ပေးလိုက်ရပြီ။God တော်တော်စိတ် တိုသွားပြီးတော့ နောက်ဒီဆိုင်ကို ဘယ်တော့မှ မလာဖို့ ချက်ခြင်းဆုံးဖြတ်လိုက်တယ်။

Cyber Café ကနေစိတ်တိုတိုနဲ့ ထွက်လာပြီးတော့ God စာအုပ်ဆိုင်တဆိုင် ကိုဝင်လိုက်တယ်။ God က English သိပ်မကောင်းဘူး။ Vocabulary သိပ်မကြွယ်ဘူးဗျာ။ God “မသိမဖြစ်ဝေါဟာရများ” ဆိုတဲ့စာအုပ်တအုပ်တွေ့ တယ်။ အသုံးများတဲ့ English စကားလုံးတွေစုပေးထားတာလို့ God ထင်တယ်။ God လည်းစိတ်ဝင်စားသွားပြီးတော့ ပထမဆုံး စာမျက်နှာကို လှန်ကြည့်လိုက်တာပေါ့။ တွေ့ ပါပြီဗျာ။ မသိမဖြစ်စကားလုံးတွေ။ “တို့ တာဝန် အရေးသုံးပါး”တဲ့။ “ပြည်သူ့ သဘောထားတဲ့”။ တော်ပြီ၊တော်ပြီ၊ဒီစကားလုံးတွေကတော့ ကြားရတာများလွန်းလို့ လူမပြောနဲ့ ၊အိမ်ကရွှေဝါတောင်အလွတ်ရနေပြီ။ God ဘာစာအုပ်မှ မဝယ်ပဲ စာအုပ်ဆိုင်ထဲကနေ ချာကနဲလှည့်ထွက်ခဲ့တယ်။ God ကို စိတ်တိုရန်ကောလို့ အပြစ်မတင်နဲ့ ။ God က Cyber Café ကထွက်လာကတည်းက ကျွဲမြီးတိုလာတာ။ စာအုပ်တိုင်းမှာ အဲဒါတွေမထည့်မနေရဆိုတာတွေ ဘာတွေ တွေးမနေနိုင်တော့ဘူး။

ဒီလိုနဲ့ စိတ်တိုတိုနဲ့ စာအုပ်ဆိုင် ထဲကနေ ထွက်လာပြီးတော့ လ္ဘက်ရည်ဆိုင် တစ်ဆိုင်ထဲကို ၀င်ထိုင်လိုက်တယ်။ God ကိုတော်တော်ဂရုစိုက်ကြတာပဲ။ ဘယ်သူက မှ ဘာမှ လာမမေးကြဘူး။ Godကို အရှင်လတ်လတ်ကြီး မြင်နေတာတောင် ဒင်းတို့ က အဖက်မလုပ်ကြဘူး။ စားပွဲထိုးတစ်ယောက်ကို တော် တော် ခေါ်ယူတယ်။God လည်း ကွေကာ ပလိန်းတစ်ခွက် မှာလိုက်တယ်။ စားပွဲထိုးလာချ တော့ ကော်ဖီမစ်(စ်)ပလိန်း။ ဒါနဲ့ ပြန်လဲခိုင်း လိုက်ရတယ်။ ပြန်လဲပြီးတော့လည်း ဖျော်စရာ ရေနွေးခွက်က ပါမလာပြန်ဘူး။ God က လည်း God ဆိုပေမယ့် တကယ့် God အစစ် မဟုတ်တော့ ရေနွေးမပါဘဲနဲ့ ကွေကာအထုပ် ချည်းပဲသက်သက် ဖျော်သောက်နိုင်တဲ့ နည်းစနစ် ကို မဖန်တီးနိုင်ဘူး။ ဒါနဲ့ ရေနွေးမှာရင်း ခံတွင်းချဉ်လာတာနဲ့ ငါးသုံးလုံး စီးကရက်တစ်ပွဲ ပါ မှာလိုက်တယ်။ လာချတော့ လန်ဒန်။ အလိုက်တသိနဲ့ မီးခြစ်လည်း ယူမလာပြန်ဘူး။ စားပွဲထိုးတွေက အလုပ်ကို တော်တော်စိတ်ဝင်စားတာပဲ။ ဒါနဲ့  God သူတို့ ကို လခ ဘယ်လောက်ရလဲစပ်စုကြည့် တော့ ၆၀၀၀ တဲ့။ တစ်လကို ၅ ဒေါ်လာ ကြီးများတောင်မှ။ တော်တော်အလုပ်ကြိုးစားချင်စရာကောင်းတဲ့ လခပဲ။ ဆိုင်ရှင်ကလည်း management ညံ့လိုက်တာ။ God တွေကို ဂရုမစိုက်ဘူး။God တွေကလည်း God တွေပဲ။ တစ်ခါတလေ တချို့ God တွေက လ္ဘက်ရည်တစ်ခွက်ပဲမှာပြီးတနေကုန်ထိုင် လေ ကန်ချင် လေကန်ကြတာ။God ရဲ့သူငယ်ချင်း တချို့  God တွေဆို လ္ဘက်ရည်လေးတစ်ခွက် ကိုယ်စီမှာပြီး ကမ္ဘာကြီးကို ဟိုလိုဖန်တီးပစ်မယ်၊ ဒီလိုဖန်တီးပစ်မယ် ဆိုတဲ့စကားတွေကို အာပေါင် အာရင်းသန်သန်နဲ့ ဝေဖန်လေကန်နေလိုက်ကြတာ တစ်ခါတလေ ၃ နာရီ၊ ၄ နာရီ လောက်ကြာ တယ်။ ဒါပေမယ့် သူတို့ကို ၀န်ဆောင်မှု ကောင်းကောင်းမပေးရင် မကြည်ဘူး။ ရေနွေးအိုး အသစ်လဲမပေးရင် မကြိုက်ဘူး။ အားလုံးချုပ်ပြီး တွေးကြည့်လိုက်တော့ လ္ဘက်ရည်ဆိုင်ဆိုတာ မလှမပနဲ့ ညီနေတဲ့ သုံးနားညီတြိဂံတစ်ခုပဲ။ ဘယ် အနားက စပြင်သင့်သလဲတော့ မသိ ဘူး။ ဟိုတွေး၊ ဒီတွေး လျှောက်တွေးရင်း စိတ်ညစ်လာာနဲ့ God လည်း ပိုက်ဆံ မြန်မြန်ရှင်း၊ ပါးစပ်ကို တစ်ရှူးနီနီကြီးနဲ့သုပ်ပြီး လ္ဘက်ရည်ဆိုင်က မြန်မြန်ထလာခဲ့တယ်။ အိမ် ပြန်ဖို့ ဘတ်(စ်)ကား ဂိတ်ကို သွားရတာပေါ့။

ဒီလိုနဲ့ ဘတ်(စ်)ကားလဲ လာ ရော၊ God တွေ အများကြီး ကားပေါ်တိုးကြိတ် တက်ရတယ်။ လူစပါယ်ယာက God တွေကို ကားအတွင်းထဲ အတင်းတိုးခိုင်းနေတယ်။ ဆဲဆို နေတယ်။ God တွေက လူစပါယ်ယာကို ပြန် ကြောက်နေရတယ်။ တချို့  God တွေလည်း ကိုယ့်ဒေါသကိုယ် မထိန်းနိုင်ပဲ လူစပါယ်ယာ တွေနဲ့ ဖက်ပြိုင်ပြီး ရန်ဖြစ်နေကြတယ်။God တွေခမျာ ဆင်းရင်လည်း God နဲ့တူအောင် မဆင်းရဘူး။ တစ်ခါတလေ လူစပါယ်ယာက တွန်းချတာခံရတယ်။ God ရဲ့အမေဆို တစ်ခါ သူခြေထောက်နာနေတုန်း လူစပါယ်ယာက တွန်း ချတာခံရလို့ နောက်ဘယ်တော့မှ ဘတ်(စ်)ကား မစီးတော့ဘူး။ ဒီတော့ အိမ်ကနေခွာလို့ မရ တော့ဘူးပေါ့။ ကိုယ်ပိုင်ကားမှ မရှိတာ။God အမေ God မကြီး ခြေထောက်ကျိုးသလို ဖြစ်သွားတာပေါ့။

ဒီလိုနဲ့  God လည်း အိမ်ပြန်ရောက် လာရောဆိုပါတော့။ စိတ်မောတာနဲ့ ရေသန့် တစ်ခွက်သောက်လိုက်တယ်။ ရေသန့်လို့သာ ပြောရတယ်။ တကယ်သန့်၊ မသန့်တော့ မသိ ဘူး။ ရေသန့်တွန်းလှည်းနဲ့ လာပို့တဲ့သူတွေက uniform လည်းဝတ်မထားဘူး။ နောက်ပြီး ရေသန့်ဗူး တံဆိပ်က တစ်ခါကို တစ်မျိုး။ ဗူးပေါ်က တံဆိပ်နဲ့ ပလတ်စတစ်ပတ်ပေါ်က တံဆိပ်ကလည်း တူချင်မှ တူတာ။ တစ်ခါတလေဆို ရေသန့်ဗူး တွေက မြင်မကောင်းလောက်အောင်ကို မည်း သည်းညစ်ပတ်နေသေးတယ်။ မတတ်နိုင်ဘူး။ ရေကျက်အေး ကျိုသောက်ဖို့ကလည်း မီးမှမလာပဲ သန့်သန့်၊ မသန့်သန့် ဒါပဲ သောက်ရမှာပဲ။ ညစ်ပတ်တာကို ကိုယ့်မျက်စေ့နဲ့ တပ်အပ်မမြင်ရရင်ပြီးတာပဲ။ ရောဂါပိုးတွေကို အကောင်လိုက် ရေထဲမှာ မမြင်ရရင် ပြီးတာပဲ။

ဒီလိုနဲ့ ညရောက်လာတော့ တစ်နေကုန် မောသမျှကို ဖြေဖျောက်ဖို့ သူငယ်ချင်းတစ်ယောက် ကိုခေါ်ပြီး စားသောက်ဆိုင်တစ်ဆိုင်ထဲကို ရောက် လာတယ်။ အဲဒီမှာလည်း စားပွဲထိုးတွေနဲ့ သိပ်အဆင်မပြေပါဘူးဗျာ။ စိတ်ညစ်တယ်ဗျာ။ တစ်နေကုန် God သာ ဖြစ်နေရတယ်။God ဖြစ်ခြင်းရဲ့ အရသာစစ်စစ်ကို ခုထိ မခာံးရ သေးဘူး။ ခုချိန်ထိ ကိုယ့်ကို လေးလေးစားစား ဆက်ဆံပြီး ရောင်းမယ့်သူ၊ ၀န်ဆောင်မှုပေးမယ့်သူတွေ မတွေ့ သေးဘူး။

ဒါပေမယ့် နောက်ဆုံးတော့ အဲဒီအခိုက် အတန့်ကို ရောက်လာတယ်။God တကယ် ဖြစ်မယ့် အခိုက်အတန့်ကို ရောက်လာတယ်။ ကောင်မလေး ချောချောလေးတွေများ ရေမွှေးတွေ၊ ခေါင်းလိမ်းဆီတွေ၊ စီးကရက်တွေကို marketing များ လာလုပ်ဦးမလားလို့ မျှော်နေတုန်းမှာပေါ့။ စာလေးခွေ ရောင်းတဲ့ အဘွားကြီးတစ်ယောက် ရောက်လာတယ်။ အားပေးကြပါ၊ သားတို့ရယ်၊ ရှိခိုးဆိုရင် ရှိခိုးပါ့မယ်” တဲ့။ ကြည့်စမ်း။ လူတွေအဲဒီလောက်တောင်ဆင်းရဲ ကြပ်တည်းလာပြီလား။ စာလေးခွေလေး ၁၀၀ ဖိုးရောင်းရဖို့ အရေး ကိုယ့်ကို ရှိခိုးပြီး ရောင်းမယ့်သူ ပေါ်လာပြီ။ကျွန်တော် God တကယ်ဖြစ်ပြီ။

ဒါပေမယ့် ကျွန်တော် မပျော်နိုင်ဘူးဗျာ။God ဖြစ်ခြင်းရဲ့ အရသာကို မခံစားရရင်လည်း နေပါစေတော့။ အဲဒီလို God မျိုးတော့ မဖြစ် ချင်ပါဘူးဗျာ။

ကောင်းကင်ကို

(၂၀၀၆ ခုနှစ် ဒီဇင်ဘာ က ရန်ကုန်တွင်ရေးခဲ့ပါသည်။)

post အဟောင်းလေးပဲ ပြန်တင်လိုက်ပါတယ်။
to download click here

Monday, October 22, 2007

ဖြစ်ရပုံက(ဟာသအတိုအထွာ)

၁၉၉၈ ခုနှစ်တုန်းက ကျွန်တော့်သူငယ်ချင်းတစ်ယောက် ကရာတေးသင်တန်းသွားအပ်တော့ ကရာတေးဆရာက မေးပါတယ်။
“မင်း ဘာလုပ်တုန်း။”
“ကျောင်းစောင့်”

ကရာတေးဆရာလည်း သိပ်လက်ကြောမတင်းပုံရတဲ့ ငနဲက ပေါက်ပေါက်ရှာရှာ ကျောင်းမှာ ညစောင့်လုပ်တယ်ဆိုတော့အံ့သြသွားတာပေါ့။

“ဘယ်ကျောင်းမှာလဲ။”
“မဟုတ်ဘူး။ ကျောင်းတွေ အကြာကြီးပိတ်ထားတာ ပြန်တက်ဖို့ စောင့်နေလို့ ကျောင်းစောင့်လို့ ပြောတာ။”

ကောင်းကင်ကို

Thursday, October 11, 2007

သရော်စာ (စစ်သံဃာ့ တက္ကသိုလ်)

နေရာ။ ။ မြန်မာနိုင်ငံ

အချိန်ကာလ။ ။ ငြိမ်းချမ်းစွာ ဆန္ဒပြကြသောသံဃာတော်များကို စစ်အစိုးရမှ အကြမ်းဖက်ဖြိုခွဲပြီးသကာလ။

ဇာတ်ကောင်။ ။ ဂျိုကုပ်ကြီးများ (အဲ…နွားလောက မီဒီယာတွေမှာတော့ ဒင်း(ဗိုလ်ချုပ်ကြီးတွေ) တို့ ကို သူတို့ နဲ့ နှိုင်းရကောင်းလားဆိုပြီး နွားတွေကနာပြီးတော့ ကျွန်တော့် ကို စာလုံးအမည်းကြီးတွေနဲ့  အကြီးအကျယ် ရှုတ်ချနေမလားပဲ။) :-D

ဂျိုကုပ်ကြီးများ သူတို့ ကုလားထိုင်လှုပ်လာလို့  တကိုယ်လုံးက ရှိသမျှ အင်္ဂါတွေတုန်အောင်ကြောက်ပြီး တိုးတိုးတိတ်တိတ် အစည်းအဝေးလုပ်ကြပါတယ်။

ဂျိုကုပ်ရူး အဲလေ ဂျိုကုပ်မှုးကြီး။ ။ငါတို့ ရဲ့  မီဒီယာ ကို ပလီပလာ နဲ့ …အဲ… မီဒီိယာကို မီဒီယာနဲ့ တိုက်မယ်ဆိုတဲ့ အစီအစဉ် မအောင်မြင်ပါလား။

ဂျိုကုပ်ကြီးတဦး။ ။ မပူပါနဲ့  ဂျိုကုပ်မှုးကြီးရဲ့ ၊ အဲဒီအစီအစဉ်မအောင်မြင်လို့  ပုဂံနတ် (bagannet) ကြီးကို အနားယူခိုင်းထားပါတယ်။ ခုဆို ပုဂံနတ် (bagannet) ကြီး နတ်ပြည်မှာ အေးအေးဆေးဆေးနှပ်နေရောပေါ့ ။ခုဆို လူတွေကြားထဲမှာ စကားပုံတခုခောတ်စားနေတယ်။ “internet ရတဲ့ ခဏဒုလ္လဘ၊ မီးလာတဲ့ ခဏဒုလ္လဘတဲ့”

ဂျိုကုပ်မှူးကြီး။ ။အေးဗျာ။ ဟိုရက်တွေကဆို ကျုပ်ဖြင့် ဆက်ဒမ်ဟူစိန်ကြီး လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ သေနေတဲ့ပုံကြီးပဲ မြင်ယောင်ပြီးအိပ်လို့ မပျော်ဘူး။ ပေါင်ချိန်ကြည့် လိုက်တာ ၀.၃၆၂၁ ပေါင်တိတိ လျော့သွားတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဦးမှ။တော်ကြာလူသတ်ဖို့ အမိန့် မပေးနိုင်ပဲ နေဦးမယ်။ ဒါနဲ့ နေပါဦး။ ဘုန်းကြီးကျောင်းတွေကို ဝင်စီးတဲ့ ကိစ္စကော ကျုပ်ခိုင်းတဲ့အတိုင်းလုပ်ကြရဲ့ လား။ ဘုန်းကြီးတွေက စွမ်းတယ်ဗျာ။ သတ္တိလဲ ရှိကြတယ်။ နောက်လဲ ပြည်သူတွေကို ကျုပ်တို့ ရက်ရက်စက်စက် လုပ်ရင် ဘုန်းကြီးတွေကငြိမ်ခံနေမှာ မဟုတ်ဘူး။ ဘယ်လို လုပ်ရမလဲ။ အကြံပေးကြစမ်းပါဦး။ ကျုပ်တို့ တော့ ကိုယ်ကျိုးနည်းပြီနဲ့  တူပါတယ်။

ဂျိုကုပ်ကြီးတတွေ ပြောရင်းဆိုရင်းနဲ့ ရုတ်တရက်ကြောက်ဒူးတုန်သွားပြီး အစည်းအဝေးအခန်းကြီးတခုလုံးတိတ်သွားတယ်။ အဲဒီ့ အချိန်မှာ ခပ်ဂေါက်ဂေါက် အကြံဥာဏ်တွေ အမြဲတမ်းပေးလေ့ရှိတဲ့  ဂျိုကုပ်ကြီးတယောက် က ထတဲ့ပြီး “လွယ်ပါတယ်၊ဂျိုကုပ်ကြီး ၊ ခုဆိုရင် ကျုပ်တို့ တွေ ဆရာဝန်တွေ၊အင်ဂျင်နီယာတွေ သပိတ်မှောက်မှာ မပူရတော့ဘူး။ ကျုပ်တို့ မှာ စစ်ဆေးတက္ကသိုလ်၊စစ်အင်ဂျင်နီယာတက္ကသိုလ်တွေရှိပြီလေ။ ခုလဲ ကျုပ်တို့  စစ်သံဃာ့တက္ကလိုလ်ဆို ပြီ်းဖွင့်လိုက်ကြတာပေါ့ ဂျိုကုပ်ကြီးရဲ့ ။ ဝင်ခွင့် အရည်အချင်းက တခြားဘာမှမလိုဘူး။ကျုပ်တို့ ဂျိုကုပ်မျိုးနွယ်ပဲ ဖြစ်ရမယ်။မကောင်းဘူးလား၊” လို့ ပြောလိုက်တယ်။ အဲဒီ့ မှာ ခပ်ဂေါက်ဂေါက် idea ကို ခပ်ဂေါက်ဂေါက် ဂျိုကုပ်ကြီးတွေရဲ့ ထောက်ခံသံတွေ၊ ငှက်ဆိုးထိုးသလို ရယ်သံကြီးတွေနဲ့  အစည်းဝေးအခန်းကြီးတခုလုံး ဆူညံသွားပါတော့တယ်။

ကောင်းကင်ကို

Tuesday, October 9, 2007

သရော်စာ

အယ်ဒီတာပေါက်စတယောက်ငိုက်စိုက်ငိုက်စိုက်နဲ့  ဆရာကြီးအာလူးဆီကိုရောက်လာတယ်။(သတင်းစာထဲက ပေါက်ကရဆောင်းပါးတွေရေးတဲ့ ပေါက်စကိုပြောတာမဟုတ်ဘူးနော်၊ ဝါနုသေးတဲ့ အယ်ဒီတာမို့ လို့ အယ်ဒီတာပေါက်စလို့ ပြောတာ) :-D

ဆရာကြီးအာလူး။“ဟေ့လူ၊ခင်ဗျားကြည့်ရတာစိတ်မချမ်းသာလိုက်တာ၊တခုခုကိုစိုးရိမ် နေသလိုပဲ၊”

အယ်ဒီတာ။ ။ “အေးဗျာ၊ အယ်ဒီတာလုပ်ရတာလဲ မစားသာဘူး၊ ကိုယ်ဝါသနာ ပါတဲ့ အလုပ်ကို တနေ့ တခြားရွံရွံလာပြီ။ စိစစ်ရေးဝင်ရင်လဲ မိုက်မိုက်ရိုင်းရိုင်း အဆဲခံရသေးတယ်၊ဟိုဟာ မထည့် ရ၊ ဒီဟာမထည့် ရနဲ့ ။”

ဆရာကြီးအာလူး။ ။ “ဘာတွေများမထည့် ရလို့ လဲ၊ ပြောစမ်းပါဦး”

အယ်ဒီတာ။ ။ “ဥပမာဗျာ၊ ကုန်ဈေးနှုန်းကျရင်တော့ ထည့် လို့ ရတယ်။ တက်သွားရင်ထည့် လို့ မရဘူး။”

ဆရာကြီး။ ။ “သူတို့ ကမှန်သားပဲ။ ခင်ဗျားကိုကပိန်းတာ။ ဒီမယ်ကိုယ့် လူ၊ ထူးခြားမှုရှိမှ သတင်းလို့ ခေါ်တယ်။ လူတိုင်းသိပြီးသားကိစ္စက သတင်းမဟုတ်ဘူး။ ကုန်ဈေးနှုန်းတက်တာ က အမြဲတမ်းဖြစ်နေတာ။ သတင်းမဟုတ်ဘူး။ ကျတာက တခါတရံ မှဖြစ်လို့ သတင်း။ အဲ လိုပဲ၊ မီးပျက်တာလဲ လူတိုင်းသိပြီးသား။ အထူးအဆန်း ကိစ္စ မဟုတ်ဘူး။ မီးမှန်ရင်သာ သတင်း။ ခင်ဗျား ပိန်းလို့ အဆဲခံရတာ နည်းတောင်နည်းသေး။”

အယ်ဒီတာ။ ။ “ဒါဆိုရင် ဒင်းဒို့ တတွေ ဘုရားတွေကို နေ့ တိုင်း အယောင်ဆောင်သွားဖူးပြီး သူတော်ကောင်းယောင်ဆောင်နေတာကော။ အဲဒါက နေ့ တိုင်းလေ။ထူးခြားမှုမရှိပဲ ဘာလို့ TV သတင်းထဲမှာ ထည့် လဲ။”

ဆရာကြီး။ ။ “ဟ၊ထူးခြားတာပေါ့။ လူတွေဘုရားရှိခိုးရင်တော့ မဆန်းဘူး။ သတင်းမဟုတ်ဘူး။ ခွေးတွေဘုရားရှိခိုးတာ မြင်ဘူးလို့ လား။ အဲဒါသတင်းပေါ့ ။”

အယ်ဒီတာ။ ။ “မှားပါတယ်။ ဒါဆိုရင် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ သံဃာတော်တွေ၊ကျောင်းသားပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းတာကော။ အဲဒါကျ ဘာလို့ မထည့် လဲ။”

ဆရာကြီး။ ။ “ခင်ဗျားကလဲ၊ ပိန်းပြန်ပြီ။ သတင်းလောကမှာ ဆိုရိုးရှိတယ်။ လူကခွေးကို ကိုက်မှသတင်း။ ခွေးကလူကို ကိုက်တာ သတင်းမဟုတ်ဘူး၊ သူ့ သဘာဝ။ ကိုက်မှာပဲ။မြဲမြဲမှတ်ထားကိုယ့် လူ။”

အယ်ဒီတာ။ ။ “မေးမိတာ မှားပါတယ်ဗျာ။”

ကောင်းကင်ကို