Wednesday, September 23, 2009

အမေတခြား သားတခြား

အမေ တခြား သားတခြားနဲ့ 
ရှင်ကွဲနဲ့ ရင်ကွဲနေရတဲ့ခေတ်မှာ
ပါးပေါ်မှာ ဖြစ်တဲ့မြစ်နှစ်စင်းနဲ့ 
မျက်နှာသစ်နေတုန်းပဲလား အမေ။

အမေရေ…
ဒီနှစ်လည်း ကရုဏာခေါင်တဲ့ ကန္တာရမှာ
မျက်ရည်ချိန် ဘယ်နှစ်လက်မ ရှိပါသလဲ။

အမေ သားကိုပြုစုစောင့်ရှောက်ခဲ့သမျှ ရလဒ်ကတော့
သားအသက်တနှစ်ကြီးလာတိုင်း
အမေပုတီးတပတ် ပိုစိပ်လာရတာပဲ ရှိတယ်။

အမေရေ…
ပြန်ဆုံစည်းရေးကို သားက သောကနဲ့ စဉ်းစား
အခန်းကျဉ်းလေးထဲမှာတင် မျက်စေ့လည်သွားတုန်းမှာ
လောကဓံတရားက အသာစီးနဲ့ 
အကွက်ပေါင်းများစွာ ရွှေ့ထားပြီးပြီအမေ။

အမေရေ…
စာအုပ်တွေ ဖတ်ခဲ့ရတုန်းကတော့
ဒီလိုဇာတ်လမ်းမျိုး အသက်ဝင်လာလိမ့်မယ်လို့ 
ကိုယ်တိုင်လည်း ရင်ခွဲ သရုပ်ဆောင်ရလိမ့်မယ်လို့ 
မထင်မိခဲ့ဘူးအမေ။

အမေရယ်..
သောက ဖျောက်နည်း တခုကတော့ ဆိုတယ်။
အနာဂတ်ကို တွေးမပူပဲ တနေ့ တခါ နေပါတဲ့။
ဒါပေမယ့် အမေရယ်
အိပ်မက်တွေသီးပွင့်လာမယ့် ရက်စွဲက မသေချာသလို
အတိတ်နဲ့ ပစ္စုပ္ပန်မှာလည်း စက္ကန့် တိုင်းက ခက်ခဲနေမှတော့
စိတ်ကို ဘယ်ကာလမှာများ သွားထားရပါ့မလဲ။

ဒါနဲ့ အမေရေ..
မုသားတွေနဲ့ သီးသန့် ကာထားတဲ့
အပူများနေတဲ့ ကျီးလန့် စာစားကမ္ဘာမှာရော
အဆိုးတွေ ရေချိန်မြင့်
အမျိုးတွေ ငွေတိမ်နစ် နေတုန်းပဲလားအမေ။

အမေရေ
လက်ဗလာ ကြယ်တွေ
မျက်နှာငယ်နေရတဲ့ ညထဲမှာ
သားဘဝလေး ကျကွဲသွားလို့ 
ခွန်အားသစ်တို့ ပို့ ပေးပါ။
ကောင်းကင်ကို

12 comments:

  1. အမေတခြားသားတခြား
    ခံစားသွားတယ်အကိုရေ
    ရင်နင့်အောင်ပါပဲ

    ReplyDelete
  2. “လက်ဗလာ ကြယ်တွေ
    မျက်နှာငယ်နေရတဲ့ ညထဲမှာ
    သားဘဝလေး ကျကွဲသွားလို့ 
    ခွန်အားသစ်တို့ ပို့ ပေးပါ။”

    အစ်ကို့ကဗျာလေးတွေ ဖတ်လိုက်တိုင်း တစ်ပုဒ်ဆို တစ်ပုဒ် မိုက်တယ်ဗျာ...။

    ReplyDelete
  3. ကျနော်လည်း ကျနော့်အမေ ရှစ်ဆယ်ကျော်ကို သတိရမိပါရဲ့။ မတွေ့ရတာ ကိုးနှစ်လောက်ရှိပြီ။

    ReplyDelete
  4. "အမေရေ
    လက်ဗလာ ကြယ်တွေ
    မျက်နှာငယ်နေရတဲ့ ညထဲမှာ
    သားဘဝလေး ကျကွဲသွားလို့ 
    ခွန်အားသစ်တို့ ပို့ ပေးပါ။"
    ဒီစာသားလေးက အကြိုက်ဆုံးထဲ အနှစ်သက်ဆုံးပါ။
    လေးစားစွာဖြင့်
    ကန

    ReplyDelete
  5. အမျိုးတွေ ငွေတိမ်နစ်တဲ့လား… အဲဒီလို ထိထိမိမိဝေါဟာရလေးတွေကလဲ ကောင်းကင်ကိုရဲ့ ပါဝါတမျိုးပေါ့…

    ReplyDelete
  6. အမျိုးတွေ ငွေတိမ်နစ်တဲ့လား… အဲဒီလို ထိထိမိမိဝေါဟာရလေးတွေကလဲ ကောင်းကင်ကိုရဲ့ ပါဝါတမျိုးပေါ့…

    ReplyDelete
  7. အမေနဲ.ဝေးနေတဲ. သမီးပါ။ ဒါပေမယ့် အဲဒီကဗျာ ကို ကျွန်မအတွက် ရေးထားသလိုပဲ။ခံစားတတ်တော့ တဘက်သတ် အဲလိုထင်ပစ်လိုက်တယ်။ ကောင်းလွန်းတယ် ကောင်းကင်ကို ရယ်။

    ReplyDelete
  8. ကိုကောင်းကင်ရေ.. အစ်ကို့ရဲ့ ကလောင်မှင်တစ်ချက် နဲ့ လူတွေရဲ့ရင်ကို ဘောင်ဘင်ခတ်သွားအောင် စွမ်းနိုင်ပါပေ့ .. နောင်အစဉ်မပျက် အားပေးနေပါ့မယ်.. ငါ့အစ်ကိုတစ်ယောက် အောင်မြင်လျက် ရှိနေပါစေ.... (ညီမ စိတ်လျှော်စက်)

    ReplyDelete
  9. ဟီဟီး ငိုချင်တယ် အမေ့ကိုသတိရလို့
    ကိုကောင်းကင် ရဲ့ကလောင်စွမ်းကထက်သလားမမေးပါနဲ့
    အမေ့ကိုပိုပိုလွမ်း သွားတယ်

    ReplyDelete
  10. to...De...Cin....
    ဟဲ့...အကင် ကို စွဲလမ်းနေပြီလား...
    ဆိုးဆေးပါမပါ စစ်ဆေးနေပြီနော်
    အကင်တွေသိပ်မစားနဲ့...ရောဂါရတတ်တယ်။

    ReplyDelete
  11. ရောက်လာတယ် အကို....

    ReplyDelete
  12. အမေ့ကိုလွမ်းတဲ့ ရက်တွေ ဆက်နေပါတယ် ဆိုမှ ငိုချင်ရက်လက်တို့ဆိုသလို ဖြစ်နေပြန်ပြီ.....

    ReplyDelete