Sunday, August 31, 2008

အရှုံးခြင်းထဲက အမုန်းစာရင်း တစ်ရွက်

တစ်ပွင့်၊ နှစ်ပွင့်၊ သုံးပွင့်…
ခပ်ရင့်ရင့် ပွင့်နေကြတဲ့
အစိမ်းသရဲည ရဲ့  ပုခုံးထက်က
အပြုံးမပျက်တဲ့ ကြယ်တွေကို မုန်းတယ်။

တစ်စီး နှစ်စီး သုံးစီး…
တဝီးဝီးနဲ့ စားပိုးနင့်လို့ ညဉ်းနေကြတဲ့ ယာဉ်တွေ
ငရဲဘုံတွေ အမြဲငုံနေ ကျ ယာဉ်တွေပေါ်
ငါတွယ်ကပ်ခွင့် မရတဲ့အခါမှာ
များပြားလှတဲ့ ဘဝတူတွေကို မုန်းတယ်။

အဖြူ…အနီ၊ အနက်
ဥာဏ်ဖြူ…ဥာဏ်နီ ဥာဏ်နက်
အနီနဲ့ အနက်လောက် အသုံးချလို့ မရတဲ့
အဖြူရောင်ကို မုန်းတယ်။

တစ်ပွဲ၊ နှစ်ပွဲ၊ သုံးပွဲ…
အဲဒါ...ငါတို့ ရဲ့ ရှုံးပွဲတွေပေါ့။
ငရဲအိုင်ထဲက ငါတို့ကို
လုံးဝလှည့်မကြည့်ခဲ့တဲ့
အုန်းလွဲနေတဲ့ နတ်တွေကိုလည်း မုန်းတယ်။

တစ်တွဲ၊နှစ်တွဲ၊ သုံးတွဲ…
လှောင်အိမ်ထဲက ငါတို့ အတွက် မစို့ မပို့ အမဲ
ကြားထဲက ဖြတ်ဆွဲသူ မှန်သမျှကို မုန်းတယ်။

တစ်ခွက်၊နှစ်ခွက်၊သုံးခွက်..
ဟင်းလျာခွက်တို့ ရဲ့ အလယ်မှာ
အမြီးရော ခေါင်းပါ မကျက်သေးတဲ့ ဟင်းလျာတစ်ခွက်…
အစိမ်းလိုက် စားနေကြတဲ့ ပါးစပ်တွေကို မုန်းတယ်။

တစ်စင်း၊နှစ်စင်း၊သုံးစင်း…
အသက်ပေါင်းများစွာရင်းပြီးမှ ရခဲ့တဲ့ မြားတွေပေါ့။
အဲဒီ့မြားတွေကိုဖြုန်းပြီး ကိုယ့်ဝမ်းစာလောက် ပစ်နေကြတဲ့ လက်တွေကိုလည်း မုန်းတယ်။

တစ်စက်၊နှစ်စက်၊သုံးစက်
ငါ့အပေါ် ပိကျလာတဲ့ ဆယ်စုနှစ် သုံးစက်မှာ
ဘာမှ မလုပ်နိုင်ခဲ့တဲ့ ငါ့ရဲ့  အရှုံးလက် တွေကိုလည်း မုန်းတယ်။

စိတ်သာရှင်စော ဘုရားဟောတဲ့
တစ်စင်း၊ နှစ်စင်း၊ သုံးစင်း…နဲ့ 
ဓားအစင်း သန်းပေါင်းများစွာရှိလည်း
စိတ်ဆိုတဲ့ ဓားကြီးတွေကို ကိုင်ပြီး
ခုတ်လို့ မရနိုင်တဲ့ အဖြစ်ကိုလည်း မုန်းတယ်။

ကောင်းကင်ကို

12 comments:

  1. ကဗျာဆရာရဲ့ အမုန်းစရင်းတွေကို လာဖတ်သွားတယ်ဗျ :)
    အစစအဆင်ပြေပါစေ ..။

    ReplyDelete
  2. မုန်းတယ် မုန်းတယ် နဲ့  ဖတ်ရင်းဖတ်ရင်းနဲ့  ကိုယ့်ကိုကိုယ်
    တောင်မုန်းချင်လာပြီ..။:D

    ReplyDelete
  3. အမုန်းစာရင်းကို စံနှုန်းထား checklistအဖြစ်တွက်လိုက်တော့ အားလုံးtickလေးတွေနဲ့ … အံ့သြစရာ… ဘယ်အချိန်ကများsurveryလုပ်လိုက်ပါလိမ့်…

    ReplyDelete
  4. ခံစားရတယ်ဗျာ။ ကျွန်တော်လဲ မုန်းတယ်။

    ReplyDelete
  5. အရမ်းကောင်းတယ်။ တစ်ကယ့်အမှန်တရားတွေပါ။ ရင်ထဲကိုအရမ်းထိတယ်။

    ReplyDelete
  6. နှစ်တွေ လပြောင်း
    ရက်တွေဟောင်းလည်း
    မေ့မရတဲ့ စက်တင်ဘာပုံရိပ်ကိုလည်း
    မုန်းမိတယ် အကို

    ReplyDelete
  7. တစ်လုံး၊ နှစ်လုံး၊ သုံးလုံး
    တအုန်းအုန်းနဲ့ သောသောညံလို့
    တငွေ့ငွေ့လေးနဲ့ ပျော်နေတဲ့
    ဘာအလုပ်မှ မလုပ် လက်ကိုင်တုတ်တွေကို မြင်ရတာလည်း မုန်းတယ် :P

    ReplyDelete
  8. ရှေ့ကွဲ နောက်ကွဲ အကုန်ပြဲလို့
    သမားယောင်ယောင် ကြောင်တောင်တောင်နဲ့
    ဘ၀င်လေဟပ် ဖီလင်တက်လို့
    လိုက်ကာဝေဖန် ရဲမျက်မှန်နဲ့
    မျက်နှာမှာ သနပ်ခါး၊ ပေါင်မှာ ဆီးကြောင်း သားထားတဲ့
    ဟို လှယဉ်ကျေးမယ်ကြီးကိုလဲ မုန်းတယ်။ :P

    ReplyDelete
  9. စိတ်ဓါတ်ကျကျနဲ့ဖတ်သွားတယ်

    ReplyDelete
  10. I read your wonderful poem. I wish you are doing great.

    ReplyDelete
  11. တစ်စင်း၊နှစ်စင်း၊သုံးစင်း…
    အသက်ပေါင်းများစွာရင်းပြီးမှ ရခဲ့တဲ့ မြားတွေပေါ့။
    အဲဒီ့မြားတွေကိုဖြုန်းပြီး ကိုယ့်ဝမ်းစာလောက် ပစ်နေကြတဲ့ လက်တွေကိုလည်း မုန်းတယ်။
    ကဗျာရဲ့ဆိုလိုရင်းကအကို့ရင်ထဲမှာခံစားနေရတဲ့အစိုင်အခဲတွေနဲ့တစ်ထပ်ထဲဘဲညီလေးရေ..ညီလေးရင်ထဲမှာဘာတွေရှိနေတယ်ဆိုတာနားလည်ပါတယ်..တို့တတွေဒီလိုနဲ့ဘဲအသက်တွေတစ်ရက်ပြီးတစ်ရက်ကြီး
    ကြရတော့မှာလားကွာ...

    ReplyDelete
  12. ကိုကောင်းကင်ကို ရဲ့ Talent က ကဗျာအဖွဲ့ဘက်မှာ ပိုမယ်လို့ ထင်မိတယ်။ အတွေးနဲ့ စကားလုံးကျစ်လစ်မှုကို နှစ်သက်မိတယ်ဗျာ။ လေ့လာ အလေးထားဖတ်သွားပါတယ်။

    ReplyDelete