Sunday, July 20, 2008

ခြင်္သေ့ကျွန်းမှ လတစ်စင်းသို့ 

ကောင်းကင်ဘုံရဲ့ တံခါးရွက်ကို
အင်တာနက်က ဝုန်းခနဲ ဆွဲအဖွင့်မှာ
နတ်သမီးလေး တစ်ပါးနဲ့ 
ငါ ဆုံစည်း ခွင့်ရလိုက်တယ်။

ပင်လယ် ဟိုဘက်ခြမ်းက ပစ်လိုက်တဲ့
ပန်းပွင့် ကျည်ဆံ တစ်တောင့်
ငါ့ ဗယ်ဘက်ရင်အုံထောင့်ကို ရုတ်တရက်ဖောက်သွားပြီ။
ငါ့အိပ်မက်တွေကို နှုတ်ခမ်းနီအစွန်း
ခြင်္သေ့ကျွန်းက လတစ်စင်း ငါ့ပေါ်ကို ကွက်ပြီး အထွန်းမှာ
ပိုးသားသံယောဇဉ်နဲ့ သွန်းတဲ့
အချစ်ဆိုတဲ့ ဒြပ်စင်တစ်မျိုး
ငါ့ရင်ထဲမှာ ဖြစ်နေပြီ။

နှုတ်ခမ်းလေးနှစ်ခု မပွင့်တပွင့်ဟ
သူ့ ပါးလေးတွေ အကမှာ
ပွင့်လာတဲ့ အပြုံးတွေက ဖြူစင်သန့် ရှင်းနေပေမယ့်
စိတ်ကို အရည်ပျော်စေတတ်တဲ့ ဗိုင်းရပ်စ် တစ်မျိုးတော့
ကပ်ကပ် ပြီး ပါလာတတ်တယ်။
ပြုံးပြုံးပြီး ညှို့ တတ်တဲ့ မှော်အတတ်ဆန်းကို
သူဘယ်တုန်းက တတ်ခဲ့တာလဲ။

စိတ်ကူးထဲမှာ ငါ ခိုးခိုးပြီးနမ်းလိုက်လို့ များ
သူ့ ပါးလေးတွေ တိုက်စားသွားသလား။
ပါးလေးနှစ်ဘက်မှာ ပါးချိုင့်လေးတွေနဲ့ ။

ပါးချိုင့်လေး နှစ်ခု ပွင့်နေတဲ့
ငါ့နတ်သမီးလေး သစ်ပင်မှာ
နွယ်ရှင်တစ်ချို့ လည်း ရှိတယ်။
အဲဒီ့ နွယ်ရှင်တွေပေါ့
ငါ သွားရာနောက် တစ်ကောက်ကောက်လိုက်ပြီး
သံယောဇဉ်တွေနဲ့  ရစ်ပတ်တာ။

ကံဇာတာ အတက်နဲ့ ကြုံကြိုက်
သူနဲ့ ခဏလေးဆုံခိုက်မှာ
ရေမွှေးရထားတစ်စင်း ငါ့အာရုံမှာ လာဆိုက်တယ်။
ငါ့ချစ်သူ ရနံ့ တိုက်လေးရေ
မင်းကိုယ်ပေါ်မှာ ဥယျာဉ်တစ်ခု စိုက်ထားသလား။
မင်းပါးပေါ်က နှင်းဆီဖူးလေး တွေကို
ငါ…နှုတ်ခမ်းလေးနဲ့ ခူးချင်တယ်။
အကြင်နာရနံ့ တွေ့ မူးပြီး
ဒီတစ်သက်လုံး ရူးချင်တယ်။

မိထွေးဖြစ်သူရဲ့ ငြူစူတဲ့ နှုတ်ခမ်း
ဖခင်မေတ္တာတစ်ခြမ်းတည်းနဲ့ 
ကိုယ့်အားကိုယ်ကိုးပြီး ပွင့်ခဲ့ရတဲ့ ပန်းကလေးကို
အရမ်းမြတ်နိုးတယ်။

စည်းချက်မမှန်တဲ့ ပေါက်ကွဲသံတွေနဲ့ 
မိုးမည်းမည်း တွေ ရွာချ
လျှပ်စီးတန်းတွေ ဝုန်းဒိုင်းကြဲ
လေကြမ်းတွေ မုန်ယိုနေတဲ့ ညမှာ
ပန်းကလေး အားငယ်နေမလား။

အချစ်ဆိုတာ
ဝိညာဉ် တစ်ခြမ်းရှာဖွေခြင်းတဲ့။
မိုင်ပေါင်းများစွာ အဝေးက
မျက်ကွင်းဟောက်ပက်နဲ့ 
ဥယျာဉ်ခြောက်ကပ်ကပ်ကြီးထဲမှာလည်း
အကြင်နာငတ်နေတဲ့ စိတ္တဇနဲ့ 
သခင်မ အရှာထွက်နေတဲ့ လိပ်ပြာတစ်ကောင်ဟာ
နိဗာန်ဘုံတစ်ခု ထည့်သွတ်
ရွှေရောင်ကောင်းကင်နဲ့ ကွပ်ထားတဲ့
ကမ္ဘာသစ်တစ်ခုကို မနိုင်မနင်းသယ်ဆောင်ပြီး
အမှောင်တွေကြားမှာ လင်းနေတဲ့လမင်း
ဆူးတွေကြားမှာ ပွင့်နေတဲ့ နှင်းဆီတစ်ပွင့်ဆီ
ဦးတည် ပျံသန်း လာနေပြီ။

ကောင်းကင်ကို

11 comments:

  1. အကိုကြီးရေ မိုက်တယ်ဗျို့
    ချက်ချင်းကြွေဆင်းသွားမှာပဲ :)
    ပျော်ရွှင်ချမ်းမြေ့ပီး အစစအဆင်ပြေပါစေခင်ဗျာ ...

    ReplyDelete
  2. ခြင်္သေ့ကျွန်းက လတစင်းနဲ့ အမြန်ဆုံး ဆုံတွေ့နိုင်ပါစေ ဆုတောင်းပေးလိုက်တယ်ဗျာ။ ကျနော်ကတော့ သိမ်းငှက်ကျွန်းကြီးက နေတစင်းကို မမြင်ချင်လို့ အဲဒီသွားမဲ့ အစီအစဉ်ကို ဖျက်သိမ့်လိုက်ပြီ။ :P

    ReplyDelete
  3. ခြင်္သေ့ကျွန်းက လတစ်စင်းကတော့ နှလုံးသားနဲ့ ရေးထားတဲ့ အဲဒီကဗျာတပုဒ်နဲ့ တင် အမြဲထွန်းလင်းတောက်ပနေတော့မှာ သေချာတယ်…တကျွန်းထဲဆိုတော့
    ပါးချိုင့်လေးနဲ့ ကောင်မလေးတွေ တွေ့ ရင် မေးကြည့်ဦးမှ… ကောင်းကင်ကို ကိုသိလားလို့ …
    ဟဲဟဲ… စပ်စုတတ်တဲ့ ၀ါသနာ…

    ReplyDelete
  4. အင်းလမ်းခရီး အဆင်ပြေပါစေကွယ် :P

    ReplyDelete
  5. I don't know how to say, man. Even the most artistic one i ever read is not as artistic as yours.

    ReplyDelete
  6. အား..ကောင်းလိုက်တာနော်..
    လလေးတစ်စင်း ဖတ်ပြီးရင်တော့ကြွေလောက်တယ်...
    မြန်မြန်ဆုံဆည်းနိုင်ပါစေနော်..

    ReplyDelete
  7. ကောင်းကင်ကြီးရဲ့ လလေးတစ်စင်းပေါ့..း)

    ReplyDelete
  8. မိုက်တယ်ဗျို့ ....အဆင်ပြေပါစေဗျာ

    ReplyDelete
  9. ကောင်းတယ်ဗျို့ 

    ReplyDelete
  10. တစ်ပင်ထဲရင်ထဲကနွယ်လားဗျ...:P သီချင်းပြောပါတယ်...နှင်းဆီတစ်ပွင့်ဆီ အရောက်ပျံသန်းနိုင်ပါစေအကိုကောင်းကင်...`

    ReplyDelete
  11. အဆင်ပြေပါစေ အစ်ကိုကြီး ..။

    ReplyDelete