Thursday, March 6, 2008

ကြိုးပြတ်သွားတဲ့ အခါ

သွားနှုန်းမမှန်တဲ့ ရထားတစ်စင်း
မုန်ယိုနေတဲ့ ဆင်ကြီးရှေ့ အရောက်
ရုတ်တရက် ခေါင်းတွဲပျောက်သွားတဲ့ အခါ…

မိုးပေါ်မှာချည်း ကြယ်တွေပြည့်နေလို့ 
ကြယ်လေးတစ်ပွင့် မြေပြင်ပေါ်ကို ခုန်ဆင်း
သူ့ အသွေးအသားတွေ အလောင်ကျွမ်းခံ အလင်းပေးချင်ပေမယ့်
လမ်းခုလတ်မှာ ရက်စက်တဲ့လေထုက တိုက်စားလိုက်လို့ 
ကြယ်ပွင့်လေး လုံးပါးပါးသွားတဲ့ အခါ…

ကိုယ်ထူကိုယ်ထ ပွင့်ခဲ့ရပေမယ့်
အဆင်းရနံ့ နဲ့ ပြည့်စုံတဲ့ ပန်းကလေး
ဘုရားအတင်ခံခွင့်ရလေမလား၊ ဧည့်ခန်းကို အလှဆင်ပေးခွင့်ရလေမလား မျှော်လင့်ရင်းနဲ့ 
ခူးခြွေပြီး အနင်းခံလိုက်ရတဲ့ အခါ…

အထပ်ထပ်ပေါင်းထားတဲ့ ရင်ထဲက ခံစားချက်တွေကို
အလွယ်တကူ မရိပ်မိအောင် မှော်သကြား နည်းနည်းလောင်း
အဲဒါ ကဗျာဆိုတဲ့ ဓားတစ်ချောင်းပေါ့။
အနာပေါ်ကို တည့်တည့် ထိုးချလိုက်တဲ့ အခါ…

မှန်သားပြင်တွေပေါ်မှာ ခေတ်ကို ရောင်ပြန်ဟပ်ဖို့ ကြိုးစားနေခိုက်
နည်းပညာနဲ့  မထိုက်တန်သူတွေလက်ချက်နဲ့ 
ကြေးမုံတစ်ချပ် ကွဲအက်သွားတဲ့အခါ...

ဘယ်လိုပဲဖောက်ဖောက် အသံမမြည်တဲ့ စကားလုံးကျည်ဆံတွေ
သတင်းစာတွေပေါ်ကိုရောက်
သတင်းစာတွေထဲကနေ လောက်ထွက်လာတဲ့ အခါ…

သူများတွေ စွန့် ပစ်ထားတဲ့ အမှိုက်ပုံပေါ်မှာ
ငါတို့ တွေ အစုလိုက်အပြုံလိုက် အသက်မွေးခိုက်
သေမင်းက စနက်တံ ဖြုတ်ချလိုက်တဲ့ အခါ…

ငါတို့ ရဲ့ ကြောက်စိတ်တွေက တညီတညွတ်တည်းလက်ခံတင်မြှောက်ထားတဲ့
သေနတ်ကိုင် ပဲ့ထိန်း တွေရဲ့ လက်ထဲမှာ
လေတံခွန် တစ်စင်း
မရှုမလှ ကြိုးပြတ်သွားတဲ့ အခါ…

ကောင်းကင်ကို

3 comments:

  1. ကဗျာလေးခံစားသွားတယ်ညီလေးရေ

    ReplyDelete
  2. ဆရာရေ ကဗျာလေးက ကောင်းလိုက်တာ။ ဆရာက အရမ်းတော်တာပဲ။ ဟီးဟီး မုန့်ဝယ်ကျွေးတော့။ တစ်ပုဒ်လုံးက ကောင်းလွန်းလို့ ဘယ်အပိုဒ်က အကောင်းဆုံးလည်းတောင် မသိတော့ဘူး။ ပျော်ရွှင်ပါစေ။

    လေးစားစွာဖြင့်
    မေပျို

    ReplyDelete
  3. ထို့ကြောင့်...ကောင်းကင်ကို ဟုခေါ်ပါသည်။

    ReplyDelete