Saturday, October 9, 2010

အပယ်ခံအကျဉ်းသား

တကယ်တမ်းကျတော့
လူသားအားလုံးဟာ
ဘယ်သူဆောက်ထားမှန်းမသိတဲ့ ထောင်ကြီးထဲမှာ
ထောင်ဒဏ်တသက် ကျခံနေကြရတဲ့ အဖြစ်ပါ။

တကယ်လို့ သင်ဟာ
ထောင်အကြီးကြီးထဲက
ထောင်အသေးလေးထဲမှာပါ
ထပ်ကျမနေဘူးဆိုရင်တော့
သင့်ထောင်ရဲ့အကျယ်အဝန်းကို
သင့်နိုင်ငံအကျယ်အဝန်းရယ်
သင့်ဗီဇာအခြေအနေ
သင့်ငွေကြေး ပမာဏတွေက
ပြဌာန်းသတ်မှတ်ပေးလိမ့်မယ်။

ဒီထောင်မှာ… ငွေရှိရင်… တော်တော်များများ… ဝယ်လို့ရတယ်။ (ကိုယ့်ကိုယ်ကိုယ်က လွဲလို့)
ဒီထောင်မှာ… အာဏာရှိရင်… စိတ်ကြိုက်… မိုက်ကြေးခွဲလို့ရတယ်။
ဒီထောင်မှာ… ကြံတတ်ဖန်တတ်ရင်….စိတ်တိုင်းကျ သိုက်တူးလို့ရတယ်။ (ဘုရားသခင်ရဲ့ နဖူးတောင် မကျန်တော့ဘူး)
ဒီထောင်မှာ… ကျောက်သွေးသလို… မျက်နှာချိုသွေးနိုင်ရင်
စိတ်မှာဘယ်လောက် ချေးကပ်ချေးကပ်
ဖြိုးဖြိုးဖျတ်ဖျတ် အရောင်လက်မယ်။

ထောင်သားတွေရဲ့ ရည်ရွယ်ချက်ကတော့
ထောင်ထဲမှာ ကြာနိုင်သမျှကြာကြာ…နေနိုင်ရေးပဲ။
စိတ်ဓာတ်ပျက်ပြားပြီး
ကိုယ့်ကိုယ်ကိုယ် လွတ်ကြောင်းကြံချင်သူတွေကိုတောင်
ဥပဒေတွေနဲ့ တားကြတယ်။

ဒါပေမယ့်
ဘယ်လိုပဲဇွတ်တားဇွတ်တား
လူတိုင်းသေနေ့စေ့ရင် လွတ်သွားကြမှာဆိုတော့
ဈေးကွက်တခုကလည်း ပေါ်လာတယ်။
ထောင်ရဲ့အပြင်လောကမှာ ဘာရှိတယ် ညာရှိတယ်နဲ့
အာမခံပေးတဲ့ဌာနတွေ အလုပ်ဖြစ်လာကြတယ်။

ဒါပေမယ့် မက်လုံးတွေ ဘယ်လောက်ပဲခမ်းနားခမ်းနား
ကောင်းကင်ပေါ်က မြေကွက်ဆိုတာတွေက
ခြေတဖက်တောင်ချလို့မရဘူးမို့လား။
ဒါကြောင့်…ထောင်သားတွေကို
အပြင်လောကမှာ နိဗ္ဗာန်တခု ရှိတယ်လို့ မက်လုံးပေးပြီး
အဲဒီ့ နိဗ္ဗာန်ဆီ အတောင်ပံတစုံနဲ့ ချက်ခြင်းထပျံခွင့်ပေးမယ်ဆိုရင်တောင်
ဘယ်သူမှ ထပျံကြလိမ့်မယ် မထင်ဘူး။

ထောင်ထဲမှာ အချိန်တွေပိုလို့ …ပေါက်ပေါက်ရှာရှာ တွေးလာသူတွေလည်းရှိလာတယ်။
‘ထမင်းစားဖို့ ထောင်ကျနေတာလား၊ ထောင်ကျဖို့ထမင်းစားနေတာလား’ ဆိုပြီး
မေးခွန်းပုစ္ဆာတွေထုတ်လာကြတယ်။
‘ငါတွေးတယ်၊ ဒါ့ကြောင့် ငါထောင်ကျနေတယ်’ ဆိုတဲ့ ဒဿနတွေကို လုပ်လာကြတယ်။

ထောင်ကြီးအဆင့်မြင့်လာပြီး အခိုးအငွေ့တွေနဲ့ ညှော်လာရတယ်
ထောင်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကို… စိုးရိမ်တကြီးနဲ့…အော်လာရတယ်။
ထောင်သားအဖိုတွေနဲ့ …အမတွေပေါင်းပြီး…. ထောင်သားအသစ်တွေ… ခေါ်လာကြတယ်။
ထောင်သားတွေ… နည်းအမျိုးမျိုးနဲ့… ပျော်လာကြတယ်။

ဒါပေမယ့် ဘယ်သူတွေ ဘယ်လိုပျော်ပျော်
တဘက်က နေထွက်ချိန်မှာ
တဘက်မှာ နေဝင်နေတတ်တယ်မို့လား။
ပျော်နေတဲ့ မျက်နှာတွေ တဖြည်းဖြည်းချင်း မှုန်ဝါး
ပိတ်ကားကြီးတခုလုံး ရုတ်တရက် အမှောင်ကျသွားပြီး
ထောင်ခန်းလေးတခုက သဘာဝမကျတဲ့ အရောင်နဲ့ လင်းလာတယ်။
ဗိုသီဗတ်သီ ဝတ်စုံနဲ့
ထောင်သားတယောက်ရဲ့ ပုံကိုပြတယ်။
ဘယ်သူတွေ ဘာကိုပဲမျှော်မျှော်
ဘယ်သူတွေ ဘယ်လိုပဲပျော်ပျော်
သူ့မှာသာ…ထူးထူးခြားခြား
အာမခံဌာနတွေကိုလည်းမယုံ
ကြိုပွိုင့်ဘုံလောကတွေ အတွက်လည်း ပစ္စုပ္ပန်ကို မကုန်ချင်သူမို့
ထောင်ထဲမှာလည်း မပျော်သလို
လွတ်ရက်ကိုလည်း မမျှော်ရဲပေမယ့်
သူက…ထောင်သားအများစုနဲ့ အက္ခရာတူပြီး ဘာသာစကားတွေကွဲ
သူ့စိတ်အရောင်က အဖြူနဲ့လည်းမတူ၊ အမည်းနဲ့လည်းကွဲမို့
“ဟေ့!
ငါတို့ဘာသာငါတို့
ကမ္ဘာလို့ နာမည်လျှောက်ပေးထားကြတဲ့ ထောင်ကြီးထဲမှာ
ငါ့ကိုတယောက်တည်း သီးသန့်ခွဲ
တိုက်ပိတ်ထားတာ ဘယ်သူလဲ။”
ကောင်းကင်ကို

6 comments:

  1. ကိုရင် နော်။ ဟွန်း။

    ReplyDelete
  2.ိကိုကောင်းရေ


    တနေ့ က နိုဗယ်ဆုတွေ ကြေငြာတော့ 
    ငြိမ်းချမ်းရေးဆုရတဲ့  သူအကြောင်းကိုယ် ကိုကောင်းရေ ကဗျာလေးစပ်ပါအုန်း လို့  တောင်းဆိုတော့မလို့ 
    ခုလည်း ဘာပဲ ဖြစ်ဖြစ် အပယ်ခံအကျှုဉ်းသား ခံစားသွားတယ်


    အမ ကံ့ ကော်

    ReplyDelete
  3. ကမ္ဘာဆိုတဲ့ ထောင်ထဲမှာပျော်ယုံမက
    အိမ်ဆိုတဲ့ ထောင်ကိုပါ ထပ်ကျနေတဲ့ လူတွေ
    သနားစရာပေါ့ ဟားဟား

    ReplyDelete
  4. ဆရာ့ကဗျာတွေထဲမှာဒီကဗျာကလွှတ်မိုက်တယ်ဗျာ
    ပြန်ဝေငှရန်ယူသွားပါသဖြင့် ခွင့်ပြုပေးပါရန်

    ReplyDelete
  5. ဟုတ်ကဲ့း-)ဝေငှပေးလို့ ကျေးဇူးး-)

    ReplyDelete
  6. ခုထက်ထိကို ရုန်းမထွက်နိုင်တဲ့ ကိုယ့်ကိုကိုယ် စိတ်ပျက်မိတယ်။ ဒီလိုကဗျာရှည်လေးတွေ များများရေးပါ ကိုကောင်း ရ။

    ReplyDelete