Tuesday, November 25, 2008

စာအုပ်တစ်ချို့ ထဲက သမိုင်း

ဥခွံအရောင်ကိုလိုက်ပြီး ဗားရှင်းအများဆုံးသော ပညာ။
မျက်လုံးတစ်ဘက်တည်း ရှိသူတွေဖတ်ဖို့ 
လက်တစ်ဘက်တည်း ရှိသူတွေ ရေးခဲ့တဲ့စာ။

မိတ်ကပ်လွန်ဝါကျတွေ ဖောင်းပွနေလို့
သရုပ်မမှန်တော့တဲ့ အမြှုပ်တစ်ကန်။
တံခါး အလုံပိတ်ထားတဲ့ စာအုပ်ထဲက
အသက်ရှူကြပ်နေကြသော စကားလုံးများ။

ရုပ်ဖျက်ထားတဲ့ အတိတ်နဲ့ အဝေးမှုန်တတ်တဲ့ လူ့ စိတ်ကြားက
ဘာလင်တံတိုင်း။
နောက်လာနောက်သားတွေ အတွက် စိုက်ခဲ့ကြတဲ့ အဆိပ်ပင်။
အမှန်တရားယောင်ဆောင်ထားတဲ့ အမှန်တရားတစ်မျိုး။

အမျိုးသားရေးယောင်လည်း ဆောင်တတ်သေးတဲ့ အမုန်းကမ်ပိန်း။
လူကိုလူလို့ မမြင်စေနိုင်တော့သော စိတ်ကြွဆေး။
စကားလုံးသင်္ချိုင်းထဲက ဘိန်းခင်းတစ်ခင်း။

တစ်ချို့ ရပ်ဝန်းတွေမှာတော့...
ပြဌာန်းစာအုပ်ဆိုတဲ့ အဆိပ်ရွက်တွေနဲ့ 
ကလေးတွေကို နှိပ်စက်နေတဲ့ ငရဲ။
သွေးအိုင်တွေကို ဆေးပစ်ဖို့အတွက်
စကားလုံးကြီးကြီးတွေ စွတ်ထားတဲ့ အဝတ်တစ်စ။
လူသတ်သမားတွေ လက်ဗွေရာဖျက်ဖို့ သုံးနေကြတဲ့ ကောက်ရိုးတစ်မျှင်။
(သို့ မဟုတ်)
စာအုပ်တစ်ချို့ ထဲက သမိုင်း။

ကောင်းကင်ကို

11 comments:

  1. ခင်မင်လေးစားစွာဖြင့်....
    အမြဲရောက်ဖြစ်ပါသည်။
    စိတ်ခံစားမှုအမျိုးမျိုးကြောင့် ဘာမှမရေးဖြစ်ခဲ့ပါ...။
    တစ်စုံတစ်ခုကိုငတ်မွတ်ကြသူချင်းအတူတူ
    ညီမတို့က ဘာမှမသိ၊ဘာမှမရှိတော့ အစ်ကိုတို့ဆီမှာ
    လာလေ့လာ၊လာဖတ်ရတယ်...
    လေးစားတယ်၊အားကျတယ်......

    ReplyDelete
  2. ကဗျာလာဖတ်တယ်ညီ..။ ဒီရက်ထဲမှာ တိတ်လှချေလား။ အစ်ကို့ဘက်တောင် မရောက်တော့ဘူးထင်တယ်။

    ရွှင်လန်းချမ်းမေမြ့ပါစေ။

    ReplyDelete
  3. ကိုကင်း ညီမနားမလည်ဘူးတော့
    ဟီဟီ
    အခုမှဘဲပေါ်လာတော့တယ်

    ReplyDelete
  4. အစ်ကို လာဖတ်တယ်..။
    အစ်ကို့ ဆီမှာ ပို့စ်အသစ်တင်တိုင်း အရင်ဆုံး မဖတ်ရတာတော့ တင်းလာပြီဗျာ..
    ကျွန်တော်က အရင်ဆုံးဖတ်ချင်တာ..အရင်ဆုံးမန့်ချင်တာဗျ..
    ဒီကဗျာကတော့ မြင့်သွားပြီဗျာ.. တစ်ချို့နေရာတွေ ကျွန်တော်လိုက်မမီဘူး
    အွန်လိုင်းမှာတွေ့ရင် ခေါ်ပါဦးနော်

    ReplyDelete
  5. ကဗျာကောင်းတယ်
    လာဖတ်သွားတယ်နော်

    ReplyDelete
  6. ကောင်းကင်ကိုရေ
    လက်တစ်ဖက်ရှိတဲ့ သူကရေးရေး
    လက်နှစ်ဖက်နဲ့ ပဲရေးရေး
    ပန်ဒိုရာပြောသလို ခြေထောက်နဲ့ ပဲရေးရေး
    တဖက် ကန်းနေသူတွေဖို့ ရည်ရွယ်ရည်ရွယ်
    စုံလုံကန်းနေသူတွေအတွက်ဖြစ်ဖြစ်
    မျက်စိနှစ်ဖက် အကောင်း လက်နှစ်ဖက် အကောင်းနဲ့ ကိုယ်တို့ က အဲ့ ဒီစာအုပ်ကို အနှစ် ၆၀ ကျော် ဖတ် လို့ မပြီးသေးဘူး။
    ကိုယ်တို့ ညဏ်ထိုင်းလွန်းပါတယ်။
    အယ်ဇီ

    ReplyDelete
  7. ကောင်းကင်ကြီး .. လာဖတ်တာဗျာ .. ၃ကြိမ်မြောက်၊၊

    ReplyDelete
  8. ကဗျာကောင်းတပုဒ်ပါ---

    ReplyDelete
  9. အရမ်းကောင်းတယ် အစ်ကို
    လေးစားအားကျလွန်းလို့ အမြဲလာဖတ်နေပါတယ်။

    ReplyDelete
  10. သမိုင်းဆိုတာ စာအုပ်ထဲမှာတဲ့လား…
    အနုပညာလက်နဲ့ ရေးတော့လဲ… အင်း… ပိုတောင်မွန်းကြပ်သွားသလိုပဲ…
    တို့ လဲ အဝေးမှုန်ပဲ… မြင်ကွင်းတွေကိုပဲ မှုန်တာပါ… အတိတ်တွေဆို မျက်မှန်မလိုဘူး…
    ဒီကဗျာစက်ရုံက branded ဆိုတော့ ကောင်းတယ်ဆိုတာနဲ့ မလုံလောက်တာ အမှန်ပဲ…
    မဖတ်ဘူးသူတွေကိုတော့ ညွှန်းမိတယ်… ကဗျာကောင်းတွေရှိတဲ့ ဒီနေရာ….

    ReplyDelete