မျက်လုံးတွေကို အတင်း မှိတ်လိုက်တဲ့ အခါတိုင်း
အိမ်လွမ်းစိတ်ဆိုတဲ့ တစ္ဆေတစ်ကောင်ဟာ
ရင်မှာအမြဲ လာခြောက်တယ်။
ပြတင်း တစ်ပေါက်မှ မရှိလို့ 
မွန်းကြပ်ပြီး အိမ်ထဲက အတင်း ရုန်းထွက်ခဲ့ရပေမယ့်
ငါ့စိတ် ငါ့ဝိညာဉ်ကတော့
အတွင်းလှိုက် ပျက်စီးနေတဲ့
အဲဒီ့ အိမ်ပျက်ကြီးထဲမှာပဲ
တဝဲဝဲ တလည်လည်နဲ့ လိပ်ပြာလွှင့်နေတယ်။
သြော်…ငါဟာ မကျွတ်သေးတဲ့ တစ္ဆေ တစ်ကောင်ပါလား။
ငါတို့ အိမ်ကို မီးရှို့ နေတာ ဘယ်သူတွေလဲ။
အိမ်မှာ အမေ နေမှ ကောင်းရဲ့ လား။
စီးပွါးရေးတွေကော ပြေလည်ကြပါရဲ့ လား။
ငါတို့ အိမ်ကို ဘယ်သူတွေက ဘယ်သူတွေကို ရောင်းစားနေသလဲ။
ဒါတွေဟာ... မီးလောင်နေတဲ့ အိမ်ပျက်ကြီးကို
စိတ်မသက်မသာ အဝေးကနေ ငေးကြည့်နေရတဲ့
တစ္ဆေတစ်ကောင်ရဲ့ အတွေးများပေါ့။
အိမ်ကို လောင်နေတဲ့ မီးတွေဟာ
မိုင်ပေါင်းများစွာကို ဖြတ်
ကမ္ဘာကို တစ်ပတ်ပတ်ပြီး
ဒီအထိတောင် လာဟပ်နေပါလား။
မျက်နှာစိမ်းတွေကြားမှာ
နေနေရတဲ့ရပ်ဝန်းမှာလည်း
ငါ့ကို မိုးထားတဲ့ကောင်းကင်က
အသက်ရှူရ ကြပ်လောက်အောင်ကို နိမ့်တယ်။
ငါဟာ ဒီမြို့ ထဲမှာ နေပေမယ့်
ငါဟာ ဒီမြို့ ထဲကို ဝင်ခွင့်မရသေးဘူး။
ဘာသာစကားအတားအဆီးတွေ
ငွေကြေးအတားအဆီးတွေနဲ့ 
လူမျိုးရေးခွဲခြားမှုတွေကြားမှာ
ကြွပ်ဆတ်ဆတ်နဲ့ ငါ့ရဲ့ စိတ်ဟာ
ခုထိ ဒီမြို့ ထဲမှာ အနည် မကျသေးဘူး။
သူတို့ ဘာသာ စကားမတတ်လို့ 
အင်္ဂလိပ်လို ပြောလိုက်တဲ့အခါ
ကြည့်လိုက်တဲ့ တစ်ချို့ မျက်လုံးတွေထဲမှာ
ဖော်ရွေလေးစားမှု တွေ မပါဘူး။
ငါ့မျက်လုံးတွေက ပြာ မနေလို့ လား။
ငါ့ အသားတွေက ဖြူမနေလို့ လား။
ကြည့်လိုက်တဲ့ မျက်လုံးတွေက
အေးစက်စက်နဲ့  စိမ်းတယ်။
သြော်…
ဒီမြို့ ပေါ်ကို ရွာချပေးနေတဲ့ မိုးရေစက်တွေကတောင် ငါ့ကိုစိမ်းတယ်။
ငါ့ အပူကို ငြိမ်းမပေးဘူး။
အဲဒီ့ အပူကို ငြိမ်းဖို့ 
အေးစက်နေတဲ့ ရေကို ကြိတ်မှိတ်သောက်လိုက်တော့လည်း
ပါးစပ် ထဲမှာ ခါးသက်သက်နဲ့ 
သောက်လိုက်ရတဲ့ ရေက အစ စိမ်းတယ်။
တစ်ခါ တစ်ခါ ပေါ့ ၊
အသိအမှတ်မပြုချင်တဲ့ မျက်လုံးတွေ
မာနကို ဖြတ်ရိုက်လိုက်တဲ့ စကားလုံးတွေ
အချဉ်ဖမ်းခါနီး ပြုံးလိုက်တဲ့ အပြုံးတွေနဲ့ 
ဘဝတူတွေအချင်းချင်း မနာလို ရန်ရှာမှုတွေ ကို ကြုံတွေ့ ရတဲ့အခါ
ငါ့ ခံစားချက်တွေ သိပ်သည်းလာလွန်းလို့ လား၊
ရုတ်တရက် ကိုယ်ယောင်ဖျောက်ပြီး
အမေ့ဆီ ပျံသွားချင်လိုက်တာ။
ငှက်ကလေးတွေ ဆီက အတောင်ပံငှား
စိတ်ကူးလေးနဲ့ အမေ့ဆီ ပျံသွားတာတောင်မှ
စိတ်ဖြောင့် လက်ဖြောင့် မပျံသန်းနိုင်ဘူး။
အိမ်နားတစ်ဝိုက်မှာက
ငှက်သတ်မုဆိုးတွေ ကျက်စားတယ်။
ပြီးတော့ အစာ ရေစာ ကလည်း ရှားတယ်။
ငါတို့ ဟာ တိုင်းပြည်မီးလောင်လို့ 
ထွက်ပြေးလာတဲ့ မီးဘေးဒုက္ခသည်တွေပါ။
မီးအပူဒဏ်ကို ကြောက်လို့ ထွက်ပြေးခါမှ
ကံဆိုးသူတွေ သွားရာနောက်ကို
ဒုက္ခမီးတောက်တွေက တကောက်ကောက်နဲ့ လိုက်တယ်။
သြော်... ပညာရဲရင့် ပွဲလယ်တင့်လို့ ဆိုကြပေမယ့်
ဘယ်ပွဲဖြစ်ဖြစ် မျက်နှာကတော့ တန်းတူ မပွင့်ပါဘူး။
မာယာတွေနဲ့  ကစားကြတဲ့
လူညွန့် ခူး ဈေးကွက်ထဲမှာ
အသက်ကလေးမှန်မှန်ရှူနိုင်ဖို့ အရေး
ကိုယ့်ကိုယ်ကို အပြိုင်အဆိုင်ဈေးချကြရင်းက
ငါတို့ တန်ဖိုးက
အင်္ကျီဟောင်း တစ်ထည်လို ကျကျလာတယ်။
အမေ့အိမ်ရဲ့ အဝေးမှာ
မာနတွေကို တစစီဖြုတ်
အသည်းနှလုံးကို ခဏထုတ်ပြီး
လူသားစက်ရုပ် လုပ်နေရတာ
ပင်ပန်းလိုက်တာ။
တော်ရာမှာ မနေချင်တော့ဘူး။
ရင်ဘတ် တစ်ခြမ်း ကျန်ရစ်ခဲ့တဲ့
ပျော်ရာမှာပဲ နေချင်တယ်။
အမေ ပြင်ပေးတဲ့
ပဲပြူတ်ဆီဆမ်း ထမင်းကြမ်းနဲ့ 
ငါ့ နံနက်ခင်းတွေကို
အသက်ဝင်အောင် နှိုးချင်တယ်။
သြော်…
ငါ့မသိစိတ်မှာ ဆန္ဒမီးတွေသင့်နေလို့ လား။
အိမ်ကို လွမ်းတဲ့ ဥပါဒါန်နဲ့ 
မနေ့ ညက အိပ်မက်မက်တယ်။
အိပ်မက်ထဲမှာတော့………………………..
…………………………………………………
…………………………………………………
ကောင်းကင်ကို
ရင်ထဲအထိ ရောက်သွားတယ် ကောင်းကင်ကို
ReplyDeleteတို့တွေအားလုံး တစ္ဆေခြောက်ခံနေကြရပါတယ်။
Very good poem. It makes me cry. It makes me sad to know other lives in Thailand. Thanks so much for sharing your great feelings & thoughts.
ReplyDeleteဒီအိမ်ကကျွန်တော်တို့တွေရဲ့အိမ်ပါ... တစ်နေ့ကျွန်တော်တို့ ပြန်ပိုင်ဆိုင်ရမှာပေါ့... ကျွန်တော်ယုံကြည်ပါတယ်...။
ReplyDeleteကဗျာလေးကို ကြိုက်တယ်နော် ခံစားချက်အပြည့်ပဲ ကောင်းတယ်သိလား ဒါတကယ်ဖြစ်ရပ်မှန်ပဲလေနော်
ReplyDeletevery nice poem! All are truth. We all are ghost that can't forget our country. We all are robots who struggle for our living.We all miss our moms. We all dream for freedom.
ReplyDeleteko kaung kin....i always read your poem....so good...carry on...
ReplyDeleteကဗျာလေးက အရမ်း ကောင်းတယ် ကိုကောင်းကင်ကို
ReplyDeleteတစ္ဆေခြောက်ခံရတဲ့ အိမ်ကြီးက ကြောက်စရာ တွေ အပြည့်နဲ့ ချောက်ခြားစရာ ကောင်းတယ်ဗျ
ရင်ထဲမှာနင့်အောင်ခံစားမိတယ်အကိုရေ .. ။ အဖြစ်မှန်တွေကို ရင်တွင်းခံစားချက်တွေနဲ့ပေါင်းစပ်ထားတော့ သရုပ်ဖော်ပုံက ပိုပြီးပီပြင်လာပါတယ် .. ။ ဘ၀အခြေအနေတွေအားလုံးကိုလည်း ကိုယ်ချင်းစာနာမိပါတယ် .. ။ မဝေးတဲ့တစ်နေ့ .. ကိုယ့်မွေးရပ်နေရာလေး ပိုမိုကောင်းမွန်လာဖို့အတွက် တစ်ဖက်တစ်နေရာကနေ ရအောင်ကြိုးစားကြရင်း ဒီဒဏ်ရာတွေကို ကြိုးစားကျော်ဖြတ်ရမှာပဲလေ .. ။
ReplyDeleteဟုတ်ပါရဲ့။ ကိုယ့်ဟာကိုယ် တစ္ဆေဖြစ်မှန်းမသိ ဖြစ်နေတာ အခုမှ ရှင်းသွားတော့တယ်။
ReplyDeleteလက်ဖျားတင်မက နှလုံးသားပါတုန်ခါသွားအောင် ကောင်းလွန်းတဲ့ကဗျာတပုဒ်။ စကားလုံးတိုင်းက နှလုံးသားကိုထိရှသွားတယ်။ ဘယ်လိုများဖွဲ့ဆိုလိုက်ပါလိမ့်။
ReplyDeleteရေးတတ်ပါဘိဗျာ။ မချီးမွန်းပဲ မနေနိုင်အောင်ပဲ။ ရေခြားမြေခြား မြန်မာတွေ တကယ်ခံစားကြရမယ့် ကဗျာတစ်ပုဒ်ပါပဲ။ ဘလော့နဲ့ ဝေးသွားတုန်းက မဖတ်ဖြစ်သေးတဲ့ ကဗျာကြွေးတွေလဲ ဖတ်သွားတယ်ဗျာ။ အားလုံး ကွန်းမက်မရေးတော့ပဲ ဒီမှာပဲ ရေးလိုက်တော့တယ်။ အရမ်းကောင်းပါတယ်လို့...
ReplyDeleteကောင်းသော ကဗျာတပုဒ် ချီးကျူးပါတယ်
ReplyDeleteအခြောက်ခံနေရတာကြာခဲ့ပေါ့...သိပ်ကောင်းတဲ့ကဗျာလေးပါပဲ
ReplyDeleteGreat Peom...Ko Kaung Kin Ko...It made me cry...I miss my home too...
ReplyDeleteဒီကဗျာ လေးကို ဖတ်မိပြန်တော့ ကျမ အခြောက်ခံနေရတဲ့ တစ္ဆေကြီးကို မုန်းတယ်၊ စည်းလုံးညီညာ အောင်ကြောင်းဖြာ ဆိုတာ သင်ရိုးညွှန်းတမ်း မှာကျန်ခဲ့ ပြီပေါ့နော်၊ ဒီလိုကွင်းကွင်း ကွက်ကွက် ဖော်ပြနိုင် တဲ့ ကိုကောင်းကင်ကို ကို ကျေးဇူး၊
ReplyDeleteကောင်းလိုက်တဲ့စပ်ဆိုမှုဗျာ....ရင်ထဲကိုထိတယ်...ချီးကျူးတယ်ဗျာ.....ကိုကောင်းလက်တွေကို ဥဏှောက်တွေကို....ဂုဏ်ပြုပါတယ်...။
ReplyDeleteI fallen for it...:P
ReplyDelete