Friday, January 4, 2008

ကဗျာဆရာရဲ့  သက်ပြင်းပုံပြင်


ငါတို့ လက်တွေ ကစားရတဲ့ကွင်းဟာ

လှုပ်လို့ မရအောင်ကို ကျဉ်းတယ်။

အတွေးတွေနဲ့ ကဗျာဆောက်ကြည့်ပါတယ်။
စကားလုံးတွေဆီ ပါမစ်လျှောက်ရ
ကဗျာစောင့်နတ် တွေဆီပါမစ်လျှောက်ရနဲ့ ။
ဒီကြားထဲ ငွေမင် ဓားတွေနဲ့ 
ငါတို့ လက်ကို ဖြတ်ဦးမယ်။

ငါဟာ
သေနတ်ခောတ် တစ်ခောတ်ရဲ့ 
သက်ပြင်းပုံပြင်တွေ ကို
အလွန်ပြောချင်နေတဲ့သူပါ။
ဒါပေမယ့် ငါတို့ ပါးစပ်တွေက
မလှုပ်ခင်ကတည်းက ကြိုတင်လက်ထိပ်အခတ်ခံထားရတယ်။

ပုံပြင်ထဲကလိပ်ကလေးလို
ကိုယ့်ဘဝကို တဲတဲကလေးကိုက်ထားရတယ်။
ပါးစပ်တချက်မလှုပ်လိုက်နဲ့ 
ပုဒ်မ ငါးနဲ့ 
ဒုက္ခများသွားမယ်။

ကျေးဇူးပြု၍ ထိန်းထိန်းသိမ်းသိမ်းပွင့်ကြပါ စကားလုံးတို့ ။
စာရွက်တွေပေါ်မှာ တစွန်းတစ သက်ပြင်းချမှုဟာ
လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုထက် ပိုပြီးအပြစ်ကြီးတယ်။
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုထက် ပိုပြီးအပြစ်ကြီးတယ်။
လူကုန်ကူးမှုထက် ပိုပြီးအပြစ်ကြီးတယ်။
သက်ပြင်းချသံတွေ သိပ်မကျယ်စေနဲ့ ။

မိတ်ဆွေတို့ 
ခေတ်အကြောင်းမေးခြင်း သည်းခံပါ။
ဖိနှိပ်မှုရာသီအောက်မှာ ငါ့ လက်တွေ နှာစေးနေလို့ ။

ကောင်းကင်ကို

မှတ်ချက်။ ပုံပြင်ထဲက လိပ်ကလေးဆိုတာ နှုတ်မစောင့်သောလိပ် ပုံပြင် ထဲက တုတ်ချောင်းကလေးကို ကိုက်ထားရတဲ့ လိပ်ကလေးကိုပြောတာပါ။ ရေကန်ဟောင်းက ခမ်းခြောက်သွားတော့ အဲဒီ့လိပ်ကလေးကို ရေကန်သစ်ကိုရွှေ့ ပြောင်းပေးဖို့  ဗျိုင်းနှစ်ကောင်က တုတ်ချောင်းလေးကို တဘက်စီကိုက်ပြီး သူ့ ကို အလယ်က ကိုက်ခိုင်းပြီးခေါ်သွားပါတယ်။ ပါးစပ်လှုပ်တာနဲ့ ဟိုးအောက်ကို ပြုတ်ကျသွားမှာပါ။

5 comments:

  1. ငါဟာ
    သေနတ်ခောတ် တစ်ခောတ်ရဲ့ 
    သက်ပြင်းပုံပြင်တွေ ကို
    အလွန်ပြောချင်နေတဲ့သူပါ။
    ခေတ်အကြောင်းကောင်းကောင်းပြောတတ်တဲ့ညီလေးရေ ကဗျာလေးကောင်းတယ်. ခံစားချက်အပြည့်နဲ့ရေးထားလို့ဖြစ်မယ်

    ReplyDelete
  2. အစ်ကိုရေ..........ကဗျာလေးက ကောင်းလိုက်တာ။ စကားလုံးတိုင်းကို ကြိုက်တယ် အစ်ကိုရေ...။ အစ်ကို ပြောသလို စာရွက်ပေါ်က သက်ပြင်းချသံဟာ အများကြီး အပြစ်ကြီးနေတာတော့ စိတ်မကောင်းဘူး။
    များများရေးနော် အစ်ကို။

    ReplyDelete
  3. ကဗျာဆရာပြောတဲ့ သေနတ်ခေတ်တစ်ခေတ်ရဲ့ သက်ပြင်းပုံပြင်တစ်ပုဒ်ကို သက်ပြင်းတွေချပြီး ဖတ်ရှုခံစားသွားပါတယ် … ။ လေထဲမှာ ပျောက်ကွယ်သွားတဲ့ သက်ပြင်းချသံတွေအတွက်တော့ ပုဒ်မ မရှိလောက်ဘူး ထင်ပါတယ်နော် …။ ဖိနှိပ်မှုရာသီအောက်မှာ လက်တွေ နှာစေးနေပေမယ့် အသိဥာဏ်တွေကိုတော့ နှာစေးခိုင်းလို့ မရဘူး ဖြစ်နေတယ် ကိုကောင်းကင်ရေ … ။ ကဗျာကောင်းလေးတစ်ပုဒ် ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါနော် … ။ ဒီလိုမျိုး ကဗျာတွေ ရေးဖွဲ့တတ်တဲ့ ကိုကောင်းကင်ကို အရမ်း အားကျမိပါတယ် … ။

    ReplyDelete
  4. ကဗျာကောင်းလေး လာဖတ်သွားပါတယ် ကောင်းကင်ရေ..။

    ReplyDelete
  5. ကဗျာလေးကို ခံစားသွားတယ် အစ်ကို
    အဆင်ပြေပါစေ။

    ReplyDelete