Monday, August 23, 2010

တောင်ပံများရဲ့ သဘာဝ

ပြေးချင်တယ်
ငါ့ကိုယ်ငါ လိုက်မမီတော့တဲ့အထိ။
ပျံသန်းချင်တယ်
ငါ့ကိုယ်ငါ မမြင်နိုင်တော့တဲ့အထိ။

တွေးချင်တယ်
ငါ့ကိုယ်ငါတောင် ချပြလို့မရနိုင်တော့တဲ့အထိ။
ဆွေးနွေးချင်တယ်
ငါ့ကိုယ်ငါ ချွေးပျံရတဲ့ အထိ။

ငြင်းချင်တယ်
ငါ့ကိုယ်ငါ မရှင်းနိုင်တော့တဲ့ အထိ။
သြော်…
ရှင်းချင်တယ်
ငါ့ကိုယ်ငါ မငြင်းနိုင်တော့တဲ့ အထိ။

ထမေးချင်တယ်
ငါ့ကိုယ်ငါ မဖြေနိုင်တော့တဲ့အထိ။
ချရေးချင်တယ်
ငါ့ကိုယ်ငါ မျက်လုံးပြူးရတဲ့အထိ။

အတောင်ပံတွေ လွတ်လပ်ချင်တယ်
ငါ့အမိန့်ငါတောင် မနာခံတော့တဲ့အထိ။
အမှီအခိုကင်းချင်တယ်
အနာဂတ်မှာ ငါ့ခြေထောက်ပေါ်မှာတောင် ငါရပ်စရာ မလိုတော့တဲ့အထိ။

မြင့်မားချင်တယ်
ငါ့ကိုယ်ငါ ရှိခိုးနိုင်သည်အထိ။
ဈာန်ရချင်တယ်
ငါ့အဆင့်ထိငါ ပြန်မကျနိုင်တော့တဲ့အထိ။

အလင်းပွင့်လေးတခု အဖြစ်နဲ့ ရောင့်ရဲချင်တယ်။
ငါ့တကိုယ်စာငါ ခပ်ဝါးဝါးလေး မြင်ရသည်အထိ။
ဗလာလက်တစုံနဲ့
ကဗျာစက်ရုံလေးဖြစ်ချင်တယ်
ငါ့ကိုယ်ငါ ခူးဆွတ်လို့မနိုင်တော့တဲ့အထိ။

(ကောင်းကင်ကို)

5 comments:

  1. ကိုကောင်းကို ရေ့ 
    မင်္ဂလာပါဗျာ
    ကဗျာကောင်းဖတ်သွားပါတယ်။

    ReplyDelete
  2. ကိုကောင်းကင်ကို
    မင်္ဂလာပါဗျာ
    ကဗျာကောင်းလေးကိုလာဖတ်သွားပါတယ်ဗျာ။

    ReplyDelete
  3. အယ်ကဟောAugust 24, 2010 at 12:05 AM

    ပြေးချင်တယ်၊ အကြွေးရှင်တွေ မမြင်နိုင်တဲ့ အထိ၊

    ReplyDelete
  4. ကောင်းပါတယ်ဗျာ ... ကဗျာစက်ရုံဆိုလည်း အဆင့်မှီတဲ့ စက်ရုံလေး ဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ် ...

    ReplyDelete
  5. ကောင်းလိုက်တဲ့ ကဗျာ တစ်ပုဒ်ပါပဲ ...

    ReplyDelete