Wednesday, December 23, 2009

မေမေ စန်တာကလော့စ်

ငယ်ဘဝရဲ့ ပျားရည်တစက်
တခုသော ခရစ္စမတ်မနက်မှာ
ကျနော် စောစောအနိုး
ခြေရင်းမှာ လက်ဆောင် မတွေ့ လို့  အိပ်မက်လေးအကျိုး
ဈေးကပြန်လာတဲ့ မေမေက
တိုးတိုးလေးချော့ပြီး ပြန်အိပ်ခိုင်းတယ်။
စန်တာကလော့စ် နောက်ကျနေတာ ဖြစ်မှာပါတဲ့
ဒီလိုနဲ့ ကျနော် မျက်လုံးလေးပြန်မှိတ်
စိတ်ကတော့
မေမေ အရုပ်တရုပ်ကို တိတ်တိတ်လေး လာထားသွားတာ သိလိုက်တယ်။

သြော်
ကလေးဘဝတုန်းက ကလေးလိုပျော်နိုင်အောင် မေမေက ဖန်တီးပေးခဲ့တယ်။
လူကြီးဘဝကျ လူကြီးလိုပျော်အောင် ကြိတ်မှိတ်ဖန်တီးယူနေရတယ်။

မေမေရေ
ခရစ္စမတ်က သဘောင်္တစီးဆိုရင်
သားတို့ က တနှစ်မှတခါ ကမ်းကပ်ခွင့်ရတတ်တဲ့ သဘောင်္သားလေးတွေပါ။

အခုတော့
စန်တာကလော့စ် တကယ်မရှိမှန်းလည်း သိပြီ။
ခရစ္စမတ်ကာလဆိုတာ နှစ်သစ်မှာ တနှစ်ပတ်လုံး အလုပ်လုပ်ဖို့ 
ခဏအားဖြည့်ခွင့်ပြုထားတဲ့ အချိန်ဇယားလေးတခုမှန်းလည်းသိပြီ။

မေမေရေ…တခါတခါ
သိခြင်းက အရိပ်ကို မပေးစွမ်းဘူး
အမှန်တရားက မေတ္တာလိုမအေးချမ်းဘူး

မေမေရေ
ခရစ္စမတ်မှာပျော်ဖို့ …တွက်ချက်နေရတဲ့သား
စားပွဲပေါ်မျက်နှာအပ်လို့ မျက်လုံးလေးကို အမှိတ်
မောပန်းနေတဲ့စိတ်ထဲ
ခွန်အားတွေ တိတ်တိတ်ကလေး လာထည့်ပေးပါ။
ကောင်းကင်ကို

9 comments:

  1. ခံစားချက်ချင်း ထပ်မိလို့ ကဗျာလေး ကူးယူသွားပါတယ် ။ သူငယ်ချင်းတွေဆီ လက်ဆင့်ကမ်းခွင့်ပြုပါ ။ ကဗျာရေးသူ နာမည်ကို မေ့ချန် မထားခဲ့ပါဘူး ။ မျက်စိလည်ရင်း လည်လည် ရောက်ခဲ့ပါတယ် ။ ဒီ ကျွန်းလေးကို ခနတာ အလည်ရောက်လာရသူပါ ။

    ReplyDelete
  2. ခရစ်စမတ် ကဗျာ ခံစားသွားတယ်ဗျာ...

    ReplyDelete
  3. ပျော်ရွှင်ဖွယ် ခရစ္စမတ်လေး ဖြစ်ပါစေ အကိုရေ။
    ကဗျာလေး အရမ်းကြိုက်သွားတယ်။

    ReplyDelete
  4. ပျော်စရာ ခရစ်စမတ်ပါဗျာ .. ကဗျာလေးလာဖတ်ပါတယ်။

    ReplyDelete
  5. လွမ်းသွားတယ်။ Marry Christmas ပါ
    ကိုကောင်း။

    ReplyDelete
  6. Merry X'Mas ပါ ညီရေ့

    ReplyDelete
  7. လူတွေက Marry Christmas ဆိုတော့ အဲဒီအတိုင်းလို့ ဘဲ ပြောလိုက်ပါတယ် ကောင်းကင်ကို ။

    ReplyDelete
  8. မေမေ့ကိုတောင်လွမ်းသွားတယ်ဗျာ
    ကူးသွားပါတယ်
    Regards :-
    Infofreakz

    ReplyDelete
  9. စားပွဲပေါ်မျက်နှာအပ်လို့ မျက်လုံးလေးကို အမှိတ် မောပန်းနေတဲ့စိတ်ထဲ ခွန်အားတွေ တိတ်တိတ်ကလေးလာထည့်ပေးပါ ဆိုတဲ့အပိုဒ်လေးရောက်တော့ မျက်ရည်ဝိုင်းလာတယ် ကဗျာဆရာက လူတွေကို ငိုအောင်ရီအောင်လည်း လုပ်တတ်တယ်နော်။

    ReplyDelete