Saturday, October 10, 2009

အမေ့ရင်ခွင်ရဲ့ အဝေးမှာ(ရေး …သံစဉ်ဖြိုး)

တက်လိုက်ကျလိုက်စိတ်ဓာတ်တစ်ချို့ရယ်..
လွမ်းဖျားလွမ်းနာလို့နာမည်တပ်လို့ရတဲ့ခဏခဏနေမကောင်းဖြစ်တာတွေရယ်..

ဘာကြောင့်လည်းလို့မေးခဲ့ရင်တောင်အဖြေမရှိတဲ့
တစ်ချို့ညတွေမှာကျတတ်တဲ့မျက်ရည်တွေရယ် ..

တစ်ခုမကလိုချင်လို့ တစ်ခုခုပေးတော့မလိုလို ဂရုစိုက်မှုတွေရယ် ..

အမြဲတမ်းအဖော်ပြုပေးနေတတ်တဲ့
ခပ်ရင့်ရင့် သန်းခေါင်ကျော်ညတွေရယ် ..

အဲဒါတွေအားလုံးက သမီးဘေးနားမှာ သိုက်သိုက်ဝန်းဝန်း လေးနဲ့ဆိုတော့
အမေ့ရင်ခွင်ကို သမီး မတမ်းတပါဘူး
အဲလိုမျိုးလေးမေ့ချင်ဟန်ဆောင်ထားတာပေါ့ ..

၂၂ နှစ်အမေ့သမီးကို
၃၂ နှစ်လောက်ရှိတဲ့ ရင့်ကျက်မှုမျိုးတွေ လာတောင်းကြတိုင်း
အမေပြောလေ့ရှိတဲ့ ငါ့သမီးကအမေ့မျက်စိထဲမှာ အမြဲကလေးပဲဆိုတဲ့ စကားကိုတော့
တကယ်သတိရတယ် အမေရယ်..

Globalization ဆိုပေမယ့်
သမီးဝမ်းနည်းတိုင်း အမေ့ရင်ခွင်ကိုပြေးလာလို့မရမှတော့
အဲဒီ Globalization ကလည်းအသုံးမ၀င်ပါဘူးအမေရာ..

ဒီလိုနဲ့ အမေ့ရင်ခွင်ရဲ့ အဝေးကသမီး
ကြမ်းလိုက် လွမ်းလိုက် လမ်းခရီးမှာ
တစ်ခုခုဆို အမေ့အသံကိုပဲ ပြန်ကြားယောင်ပြီး
စိတ်ဓာတ်ကို အရောင်ပြန်တင်နေရတယ် အမေရယ်။
(သံစဉ်ဖြိုး)

4 comments:

  1. ထပ်တူထပ်မျှပါပဲ

    ReplyDelete
  2. ချမ်းလင်းနေOctober 11, 2009 at 12:18 PM

    ကဗျာလေးကောင်းတယ်ဗျာ။ ကူးယူသိမ်းထားချင်တယ်။ခွင့်ပြုပါဗျာ။

    ReplyDelete
  3. သံစဉ်ဖြိုး ကဗျာလေး အရမ်းကောင်းပါတယ်။
    အမေ့ရင်ခွင် အဝေးမှာ အဆင်ပြေပျော်ရွှင်ပါစေနော်။

    ReplyDelete
  4. တကယ် ခံစားလိုက်ရတဲ့ စာသားလေးပါ

    ReplyDelete