Tuesday, July 28, 2009

ငါသုံးငါ

အတိတ်ဘဝကငါ…..
အခုရုပ်နဲ့မဟုတ်ခဲ့တဲ့ငါ
အခုစိတ်နဲ့ လည်း မဟုတ်ခဲ့တဲ့ငါ
သူစိုက်ပျိုးခဲ့သမျှ ဒုက္ခ
ငါရိတ်သိမ်းနေရ။

နောက်ဘဝ ဖြစ်မယ့်ငါ
ဝှက်ဖဲ တချပ်ဖြစ်နေတဲ့ငါ…..
အခုရုပ်နဲ့ မဟုတ်တော့မယ့်ငါ
အခုစိတ်နဲ့ မဟုတ်တော့မယ့်ငါ

ငါမမှတ်မိတော့မယ့် ငါမှာ
ငါနဲ့ တူတာ ဘာကျန်ဦးမလဲ။
သေချာမမြင်နိုင်သေးတော့လည်း
နောက်ဘဝငါဆိုတာ တခြားတယောက်လိုပဲ။

အခုလက်ရှိငါ
ငါသန်းပေါင်းများစွာထဲက ငါပေါ့
ငါက…
အခုရေတွင်းတူးရင် အခုရေကြည်သောက်ရမှ ကျေနပ်တတ်တယ်။
ငါက
ညောင်ပင်ရမရ မသေချာတိုင်း ညောင်စေ့လေးကို နှမြောတတ်တယ်။

ငါက
တသောင်းလှူချိန်မှာ နောက်ဘဝဆိုတာကိုသတိရပြီး
တသိန်းလိမ်ချိန်မှာ နောက်ဘဝဆိုတာကို မေ့ထားတတ်တယ်။

ငါက
အပေးအယူလေးနဲ့ မှ
ပြေးကူဖေးမ လေ့ရှိတယ်။
ဖောင်စီးဆဲ ရေငတ်နေတဲ့ငါပေါ့
အမှောင်ကြီးထဲ နေတတ်နေတဲ့ငါ။

လူ့ စိတ်ဆိုတာကလည်း
အချိန်နဲ့ အမျှပြောင်းနေတဲ့
အီကွေးရှင်းတကြောင်းလား?
မကောင်းတာလုပ်ဖို့ လွယ်နေတဲ့အချိန်မှာ ငါက ငရဲကိုမေ့တယ်။
ကောင်းတာလုပ်ဖို့ ခက်နေတဲ့အချိန်မှာ ငါက နတ်ပြည်ကိုမေ့တယ်။

ငါက
အကောင်အထည်ဖော်နိုင်ခွင့်သိပ်မရှိတဲ့ အချိန်တွေကျ
တခါသုံးမေတ္တာတွေကို နှုတ်ခမ်းလေးလှုပ်ရုံပဲထုတ်တယ်။
လက်တွေ့ ဖြည့်ဆည်းပေးရမယ့် အချိန်ကျ
ငါ့လက်ဖဝါးမှာ မေတ္တာတွေခန်းနေတတ်တယ်။
ဒီလိုနဲ ငါဟာ
အဖိုးတန်ရတနာတွေကို
တကန့် စာ မီးခံသေတ္တာထဲမှာ သိမ်းထားလိုက်ပြီး
နံနက်ခင်းတချို့ မှာ စိတ်ဖြေရုံပဲ ထုတ်ကြည့်နေခဲ့။

ရေရဲ့ ပြင်ပမှာ မနေနိုင်တဲ့ငါးတွေလို
ကြိုးတွေရဲ့ ပြင်ပမှာ မနေနိုင်တဲ့ငါက
ယောနသံစင်ရော်လိုလည်း ပျံချင်ခဲ့တယ်။
တကယ်လို့ 
ခုချက်ခြင်း ဆုတောင်းတွေ ပြည့်မယ်ဆိုရင်တောင်
ခုချက်ခြင်း ကြိုးတွေကို ငါဖြတ်ရဲပါ့မလား။

နောက်ဆုံးတော့….
အမှုတရာနဲ့ 
အခုငါကို
စာတကြောင်းတည်းနဲ့ ပြောရရင်

ငါဟာ
ဗြောင်းဆန်အမှားတွေနဲ့ 
ပြောင်းပြန်သွားနေတဲ့ ရထား။
ကောင်းကင်ကို

15 comments:

  1. ငါ တစ်လုံးစွဲပြီး
    ကမ္ဘာလုံးကြီးထဲက
    မသာ အတုံးအခဲကြီးပါအစ်ကို

    ReplyDelete
  2. " ငါက
    တသောင်းလှူချိန်မှာ နောက်ဘဝဆိုတာကိုသတိရပြီး
    တသိန်းလိမ်ချိန်မှာ နောက်ဘဝဆိုတာကို မေ့ထားတတ်တယ်။"

    လာရောက်ခံစားသွားပါတယ် ကိုကောင်းကင်ကို။
    ငါမပြတ်ရင်တော့ ငရဲကို ငါရောက်မည်။

    ReplyDelete
  3. ကာရံ လည်း ကိုက်ပြီး... ခိုင်းနှိုင်းတဲ့ စကားလုံးတွေလည်း ခိုက်တယ်..ဘယ်စာသား ဘယ်အပိုဒ်ကို အကြိုက်ဆုံးပါဗျာ ဆိုပြီးတောင် ရွေးလို့ မရဘူး ဖြစ်သွားတယ်။

    ရောက်ခဲ့တယ် ကိုကောင်းကင်ကို..း)

    ReplyDelete
  4. "တသောင်းလှူချိန်မှာ နောက်ဘဝဆိုတာကိုသတိရပြီး
    တသိန်းလိမ်ချိန်မှာ နောက်ဘဝဆိုတာကို မေ့ထားတတ်တယ်။"

    မေ့ချင်တိုင်း မေ့လို့မရတဲ့ အချိန်ကျရင်
    သတိရချင်လို့မှ ရခွင့်မရတော့တဲ့ အချိန်ကျရင်...
    ဒင်းတို့တတွေ
    ဘယ်အဘကို 'တ'ကြဦးမှာပါလိမ့်...

းဝ)

    ReplyDelete
  5. "တသောင်းလှူချိန်မှာ နောက်ဘဝဆိုတာကိုသတိရပြီး
    တသိန်းလိမ်ချိန်မှာ နောက်ဘဝဆိုတာကို မေ့ထားတတ်တယ်။"

    မေ့ချင်တိုင်း မေ့လို့မရတဲ့ အချိန်ကျရင်
    သတိရချင်လို့မှ ရခွင့်မရတော့တဲ့ အချိန်ကျရင်...
    ဒင်းတို့တတွေ
    ဘယ်အဘကို 'တ'ကြဦးမှာပါလိမ့်...

းဝ)

    ReplyDelete
  6. ငါသုံးငါထဲကလွတ်မြောက်သွားခဲ့တဲ့အချိန်ကျရင်

    အားလုံးအဆင်ပြေသွားလိမ့်မယ်ညီလေး
    ဘယ်သူမှမသိနိုင်တဲ့အချိန်ပေါ့..အီကွေးရှင်းလည်းချကြည့်စရာမလိုတော့ဘူး

    ReplyDelete
  7. ကဗျာလေးကို သိပ်သဘောကျတယ်။ တပုဒ်လုံးကောင်းတယ်။
    ဗြောင်းဆန်အမှားတွေနဲ့ 
    ပြောင်းပြန်သွားနေတဲ့ ရထား ဆိုတာနဲ့ အဆုံးသတ်ထားတော့ ပိုပြီး ကဗျာတပုဒ်လုံးရဲ့ အဓိပ္ပါယ်ကို လေးနက်သွားစေတယ်။

    ReplyDelete
  8. အင်း...အကိုပြောမှပဲ
    ကိုယ့်ကို ကိုယ်ပြန်ကြည့်မိတယ်....။
    အရှိကို တကယ်မသိတာမို့
    လွယ်..လွယ်သည့် အကုသိုလ်
    ပြုခဲ့ပြီဆို...
    တခဏတာ ပျော်စရာကို
    တပ်မက်သာယာလိုက်တာမို့
    အဖေါ်တစ်သိုက်နဲ့ လိုက်လာတဲ့
    ဒုက္ခတွေတစ်ပွေ့တစ်ပိုက်
    အကိုရေ...
    နောက်ဘဝမှာ တွေ့လိုက်ချင်စမ်းတော့တယ်...။

    ReplyDelete
  9. ငါက
    တသောင်းလှူချိန်မှာ နောက်ဘဝဆိုတာကိုသတိရပြီး
    တသိန်းလိမ်ချိန်မှာ နောက်ဘဝဆိုတာကို မေ့ထားတတ်တယ်။

    ဟုတ်တယ်ဗျ....ငါသုံးငါ...တရားသဘောတွေ စစ်ကြောမိသွားတယ်။။။။ကျေးဇူးပါ အစ်ကိုရေ...။

    ReplyDelete
  10. နဒီမိုးညိုJuly 29, 2009 at 7:19 AM

    ကဗျာ.စာသားလေး..တွေ..ကြိုက်နှစ်သက်ပါတယ်..

    ReplyDelete
  11. ကောင်းလိုက်တဲ့ ကဗျာ ကိုကောင်းကင်ကိုရယ်။

    ReplyDelete
  12. ငါအရှည်ကြီးပါလားဗျာ

    ReplyDelete
  13. ကဗျာလေးက ပြောစရာမလိုအောင်ကို
    ကောင်းပါတယ်...ကိုကောင်းရေ...။

    ReplyDelete
  14. အမြဲလေးစားပါတယ် ကိုကောင်းကင်ကို ကျွန်တော်ကဗျာကြိုက်လို့ မျှဝေတင်ပြခွင့် ပြုနိုင်မလားလို့  လာခွင့်တောင်းပါတယ် ။ အောင်မြင်အဆင်ပြေပါစေ။

    ReplyDelete
  15. ဖတ်လို့ ခံစားလို့ ကောင်းလိုက်တာလို့ ကွန်မင့် ပေးသွားသူတွေ လက်တွေ့ ဘ၀မှာ ကဗျာဆရာ ထောက်ပြတာတွေကို ကျင့်သုံးပြီး ကဗျာဆရာကို ဂုဏ်ပြုမယ်ဆိုရင် ပိုကောင်းမှာဘဲနော်

    ReplyDelete