Tuesday, February 17, 2009

ကွက်လပ်ထဲမှာ

လူသန်းပေါင်းများစွာကို

လေးငါးစုတည်းခွဲပြီး

တန်ဖိုးဖြတ်မယ့်ကွက်လပ်

ကျွန်တော့် မျက်လုံးတွေရှေ့ မှာ မတ်တပ်ရပ်နေတယ်။


တကယ်တမ်းကျတော့

ကျွန်တော် ယူထားတဲ့နာမည်နဲ့ 

ခင်ဗျားယူထားတဲ့နာမည်

တူချင်လည်း တူလိမ့်မယ်။

ဒါပေမယ့်

လူတိုင်းလူတိုင်းဟာ

ဘယ်သူနဲ့ မှ မတူတဲ့ ညီမျှခြင်းတစ်ကြောင်း

အဖြစ်အပျက်တွေသာ တစ်စက်ပြီးတစ်စက် လောင်းထည့်ကြည့်လိုက်

ကွဲပြားတဲ့ အဇ္ဈတ္တတွေ ရာနဲ့ ချီပြီး ထွက်လာမယ်။


ဒီမယ်ဒီမယ်

သိုးအုပ်တိုင်းမှာတော့ သိုးမည်းတွေ ရှိကြမှာပဲ။

မျက်မှန်စိမ်းတပ်ပြီးရှာမယ်ဆိုရင်

စကြာင်္ဝဠာတစ်ခုလုံး သိမ်းကျုံးရိုက်နိုင်တဲ့ ဝါးလုံးရှည်ကိုတောင်

အလွယ်တကူရမှာပဲ။


ကျွန်တော့် ခေါင်းထဲမှာလည်း မီးလုံးတစ်လုံးရှိတယ်။

သူ့ ခေါင်းထဲမှာလည်း မီးလုံးတစ်လုံးရှိမယ်။

ကိုယ့်ခေါင်းထဲက မီးလုံးကို ကိုယ်အလင်းဆုံးထင်ကြတာပဲ။

ကိုယ့်မီးလုံးနဲ့ ကိုယ်လင်း၊

သူများမီးလုံးကိုတော့ လာမခွင်းကြေး။


ကိုယ်စီ ခြုံထားတဲ့ အရွက်တွေအောက်က

စိတ်ရင်းဆိုတဲ့ သစ်သီး

မမြင်ဖူးသေးပဲနဲ့ မဖြီးပါနဲ့ ။


ကျွန်တော်တို့ အားလုံး

ကိုယ့်ပေတံကို ကိုယ်စီကိုင်ရင်းက

ငြိမ်းချမ်းရေး သီချင်းကိုတိုင်

အပြစ်မဲ့သူချင်းဆိုရင်တော့ ရွေဘော်ထိုး နိုင်ရမယ်။


ကျွန်တော်ကတော့

ကာလာမသုတ်ကိုပဲ ခေါင်းထဲထည့်ထားတဲ့ကောင်၊

ဘယ်သူ့ ကိုမှတော့ မလှောင်ခဲ့ဘူး။


ကမ္ဘာဆိုတဲ့ ရွာထဲမှာ

ကိုယ့်တဲ ကိုယ်ထိုးရင်း

ကိုယ့်ဖဲကိုယ်ချိုး

ကိုယ့်အသည်း ကိုယ်ပျိုးမယ်။


အိုးတိုင်းက ဗီတာမင်တွေကို

ကျွန်တော်နှစ်သက်သလောက်စီ ကျင်မယ်။

ကြိုက်ရင်တော့ စမ်းသောက်ကြေး

မကြိုက်ရင်တော့ ယမ်းမဖောက်ကြေး။


ကျွန်တော်လား?

အကောင်းမြင်စိတ်ကို ပိုက်တစ်ချောင်းလုပ်

အဆီအနှစ်တွေကို နှလုံးသားနဲ့ လိုက်စုပ်မယ်။

တိမ်တစ်တိုက်လို့ သမုတ်ချင် သမုတ်တော့

ကိုယ့်ဘာသာကိုယ်တော့ ပျံနေတဲ့ငှက် လုပ်မယ်။


ကမ္ဘာကျယ်သလောက် မျက်လုံးတွေလိုက်ကျယ်ချင်တဲ့ကောင်မှာ

ငြိမ်းချမ်းရေး ငှက်တစ်ကောင်လည်း ရှိတယ်။

အဲဒီ့ ငှက်အလိုကျ

အချွန်အတက်တွေကိုလည်း မြိုချထားတယ်။


ကဲ ကဲ…

အတွေးတွေကို စီးကရက်လိုခဲ

မျက်လုံးတွေကို စာရွက်ပေါ်ဆီ ဝဲပြီးတော့

စောင့်နေတဲ့ ကွက်လပ်ထဲမှာ

နာမည်တွေ တွဲပြီး ထည့်ပစ်လိုက်တယ်။


ကောင်းကင်ကို

14 comments:

  1.ေ၇း ပထမဦးဆုံးမန့်ရတာဆိုတော့ ပဲများများနဲ့ပြောလိုက်မယ်။ အရမ်းကောင်းတယ်။ မီးမီးကိုကျောတာမဟုတ်ပါဘူးနော်။

    ReplyDelete
  2. အဓိပ္ပါယ်ရှိတဲ့ ကဗျာလေးလာဖတ်ပါတယ်

    ReplyDelete
  3. စိုင်းစိုင်းလားရှိုးFebruary 17, 2009 at 2:23 AM

    ကဗျာကောင်းလေး လာခံစားပါတယ်။

    ReplyDelete
  4. အဓိပ္ပါယ်တွေ ပြည့်ဝနေတဲ့ကဗျာလေးပါ။
    အဲဒီကွက်လပ်တွေထဲမှာဘဲ ကျွန်တော်တို့ကိုယ်တိုင် ကွက်လပ်လေးတွေ ဖြစ်သွားခဲ့ကြပေါ့..။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  5. အင်း...ကျွန်တော်လည်း
    ဘယ်အစုထဲ ပါနေပြီလဲ မသိ..

    ReplyDelete
  6. ကဗျာကောင်း တစ်ပုဒ်ကို ဖတ်မှတ်သွားတယ် အစ်ကို ..။

    ReplyDelete
  7. ကောင်းတယ်အစ်ကို...။

    အတွေးတွေကို စီးကရက်လိုခဲ မျက်လုံးတွေကို စာရွက်ပေါ်ဆီ ဝဲပြီးတော့ စောင့်နေတဲ့ ကွက်လပ်ထဲမှာနာမည်တွေ ကိုအတူ တွဲပြီး ထည့်လိုက် ကြစို့...။

    ReplyDelete
  8. ကျွန်တော်အရင်ကပြောခဲ့ဖူးသလိုပါပဲ
    အစ်ကို့ စကားလုံးတွေရဲ့အင်အားကို
    အရမ်းလေးစားတယ်အစ်ကိုရေ .........

    ReplyDelete
  9. တကယ်တမ်းကျတော့
    ကျွန်တော် ယူထားတဲ့နာမည်နဲ့ 
    ခင်ဗျားယူထားတဲ့နာမည်
    တူချင်လည်း တူလိမ့်မယ်။
    ဒါပေမယ့်
    လူတိုင်းလူတိုင်းဟာ
    ဘယ်သူနဲ့ မှ မတူတဲ့ ညီမျှခြင်းတစ်ကြောင်း
    အဖြစ်အပျက်တွေသာ တစ်စက်ပြီးတစ်စက် လောင်းထည့်ကြည့်လိုက်
    ကွဲပြားတဲ့ အဇ္ဈတ္တတွေ ရာနဲ့ ချီပြီး ထွက်လာမယ်။

    သိပ်မှန်တာပေါ့ ညီလေးရာ..ကဗျာတစ်ပုဒ်လုံး အနှစ်ချည်းပါပဲ.....

    ReplyDelete
  10. ဒီမယ်ဒီမယ်
    သိုးအုပ်တိုင်းမှာတော့ သိုးမည်းတွေ ရှိကြမှာပဲ။
    မျက်မှန်စိမ်းတပ်ပြီးရှာမယ်ဆိုရင်
    စကြာင်္ဝဠာတစ်ခုလုံး သိမ်းကျုံးရိုက်နိုင်တဲ့ ဝါးလုံးရှည်ကိုတောင်
    အလွယ်တကူရမှာပဲ။

    ဒီတစ်ပိုဒ်ကိုကြိုက်တယ်

    ReplyDelete
  11. ကြိုက်ရာသာ ပြန်ကူးချ ရေးရကြေးဆို.. တစ်ပိုဒ်လုံးပဲ။
    အဓိပ္ပာယ် လက်တစ်ရွေးသားမှ မလျှော့ဘူး...ရှယ်စိမ့်။ ဖတ်သွားတယ်။

    ReplyDelete
  12. စိတ်ကူးတွေ အတွေးတွေ... စကားလုံးအားတွေ သိပ်ကောင်းတယ် ကိုကောင်းကင်ရေ. .. ဖတ်မှတ်ခံစားရသမျှ ကျေးဇူးပါဗျို့

    ReplyDelete
  13. "ကျွန်တော့် ခေါင်းထဲမှာလည်း မီးလုံးတစ်လုံးရှိတယ်။
    သူ့ ခေါင်းထဲမှာလည်း မီးလုံးတစ်လုံးရှိမယ်။
    ကိုယ့်ခေါင်းထဲက မီးလုံးကို ကိုယ်အလင်းဆုံးထင်ကြတာပဲ။
    ကိုယ့်မီးလုံးနဲ့ ကိုယ်လင်း၊
    သူများမီးလုံးကိုတော့ လာမခွင်းကြေး။"

    တကယ် သဘောကျတယ်ဗျို့...

    ReplyDelete
  14. အရမ်းကြိုက်ပါတယ်။
    ကူးယူထားလိုက်ပါတယ်။
    နောက်ထပ်လည်းကဗျာကောင်းလေးတွေ
    အများကြီးရေနိုင်ပါစေ။

    ReplyDelete