Wednesday, October 24, 2007

လမ်းပျောက်သူ

မျှော်လင့် ချက်ကောင်းကင်မှာ
ရက်စက်တဲ့ ပင့် ကူတွေ အိမ်ဖွဲ့ 
ငါတို့ “မနက်ဖန်”လေး သိမ်ငယ်ရတော့ မယ်။

ရက်စက်လိုက်တာ လေရိုင်းရယ်…
ပွင့် ဖို့ အားယူနေတဲ့ ပန်းငုံလေးတွေကိုမှ
ရွေးပြီးခြွေရက်တယ်နော်။

တစက်စက် ကျလာတဲ့ နေ့ တွေတောင်
ပင်လယ်ကြီးထဲ ပြည့် တော့ မယ်….
ငါဘယ်ကို ရွက်လွှင့် ရမှာလဲ။

ကြွေရှာတဲ့ သစ်ရွက်တွေမှာတောင်
ခိုစရာ မြေပြင်ရှိသေးတယ်။
ဝေဒနာနဲ့  နှစ်ရက်တွေမှာငါ
ငိုစရာ ရင်ခွင်မရှိဘူး။

အားလုံးက ပြောကြတယ်။
ဦးထုပ်နက်နဲ့ လူတဲ့၊
ကိုယ့်ကိုယ်ကိုလဲ မေးကြည့်တယ်။
ငါ့အတွေးထဲ မြွေတကောင်ဝင် အဆိပ်ထုတ်နေသလား။

ကျောင်းနားတဝိုက်ဆီက
တိတ်ဆိတ်နေတဲ့ အသံတွေကြောင့်
ငါ့ရဲ့ အိမ်မက် ငှက်တွေ
ထိတ်လန့် ပျံသန်းကုန်ကြပြီ။

မင်္ဂလာမှန်သမျှ ဆိတ်သုဉ်းနေတဲ့
ဟောဒီ့ ဘုန်းစိုးသင်္ချိုင်းမြေမှာ
မျှော်လင့်ချက် လရောင်ရေးရေးလေးကို လိုချင်တမ်းတမိသူနဲ့ 
လမင်းကို ဖုံးကွယ်ပစ်တဲ့တိမ်တွေ
ဘယ်သူ့ မှာ အပြစ်ရှိသလဲ။

မိတ်ဆွေ….
သင့်မှာ သွားစရာလမ်းကလဲ မရှိ၊
ပြီးတော့ သင်ဟာ ဆင်တကောင်လဲ မဟုတ်ဘူးဆိုရင်
သင်ဘာတွေလုပ်မလဲ။

ကောင်းကင်ကို

*************************************

၉၇ လောက်တုန်းက ကျွန်တော်ရေးခဲ့တဲ့ ကဗျာပါ။ ကျောင်းတွေကို နှစ်ရှည်လများပိတ်ထားပြီး ပညာရေးကို လုံးလုံး ဖျက်ဆီးလိုက်ခါစ ကာလပေါ့။ ကျွန်တော်တို့ အားလုံးလမ်းပျောက်နေတဲ့ကာလပေါ့။

ဘဝတူ သူငယ်ချင်းတွေကလွဲလို့  နားလည်ခံစားပေးနိုင်မယ့်သူ မရှိခဲ့ဘူး။ ငိုစရာ ရင်ခွင်မရှိခဲ့ဘူး။

အခုလည်း ကျွန်တော်တို့ အားလုံး လမ်းပျောက်နေဆဲပါ။ ငိုစရာ ရင်ခွင်မဲ့နေဆဲပါ။ အုပ်ချုပ် မင်းလုပ်တဲ့သူက မတရား အနိုင်ကျင့်တာ ခဲ့ရတဲ့ အခါ ဘယ်ရင်ခွင်မှာ သွားပြီးငို မလဲ။ လွမ်းဆွတ်လို့  အိမ်ပြန်တဲ့သူတွေကို လေဆိပ်ကနေ ဆီးပြီးဖမ်းနေတယ်တဲ့။ ကိုယ့်တိုင်းပြည်မှကိုယ် ပြန်လို မရတဲ့အခါ ဘယ်ရင်ခွင်သွားပြီးငိုမလဲ။

ကျွန်တော်တို့ နိုင်ငံမှာ တရားမျှတမှု အထွန်းကားသရွေး ကျွန်တော်တို့  လမ်းပျောက်နေဦးမှာပါ။

No comments:

Post a Comment